Saturday, November 19, 2011

ကိုယ့်ရဲ့ လိပ်ပြာလေး

ကိုယ်အသက်ရှူရပ်သွားချိန်တွင် ကန်ရေပြင်သည် ငြိမ်သက်နေခဲ့၏။
ထိုနေ့က ဆက်ရက်ငှက် သုံးကောင်တွေ့ခဲ့လေသည်။

ကိုယ်ချစ်သော လိပ်ပြာလေး၏ အတောင်ပံသည် ပန်းရောင်နှင့် အဖြူရောင်ဖြစ်ပါသည်။
ကစဥ့်ကလျားသီအိုရီနှင့် ကိုယ့်လိပ်ပြာလေး မည်သို့မျှ မသက်ဆိုင်ပါလေ။

ဒီနှစ် မိုးဦးပေါက်က ထိုလိပ်ပြာလေးကို တွေ့နေခဲ့ခြင်း ဖြစ်ပါသည်။

ရံဖန်ရံခါ ကိုယ်သွားရာနောက်သို့ လိုက်နေတတ်သည်။
တခါတလေတွင်တော့ လိပ်ပြာလေးနောက်သို့ ကိုယ်တစ်ယောက် တမေ့တမော လွင့်ပါနေတတ်သည်။
ထိုသို့ဖြင့် ကိုယ်နှင့် ကိုယ့်လိပ်ပြာလေး မကြာခဏ ကမ္ဘာကျပျောက်ကြလေသည်။

ချစ်ခြင်းတရားသည် နောင်တတစ်ခု မဖြစ်သင့်ပါ။
ချစ်ခြင်းတရားသည် ဝဋ်ကြွေးတစ်ခု မဖြစ်သင့်ပါ။
(လုံးဝ အဖြစ်မခံနိုင်ပါ။)

ပန်းပွင့်တွေနေသည့် တောနက်ထဲသို့ သွားမည်။
အိုက်စပ်စပ်နေ့ခင်းမရှိသော ဒေသတွင်နေမည်။
လှိုင်းသံနှင့် ကိုယ်နှင့် ကိုယ့်လိပ်ပြာလေး အတူတူ ကခုန်မည်။

ကိုယ်အသက်ရှူရပ်သွားချိန်တွင် ကန်ရေပြင်သည် ငြိမ်သက်နေခဲ့၏။
ထိုနေ့က ဆက်ရက်ငှက် သုံးကောင်တွေ့ခဲ့လေသည်။                ။


B.S
19 Nov 2011
Mandalay 

Tuesday, November 15, 2011

နှင်းဖြစ်သောကြောင့် . . .

နှင်းဖြစ်သောကြောင့် ဆောင်းခေါ်ရာနောက် လိုက်ခဲ့သည်။
ကိုယ်တို့နှစ်ယောက်စလုံးတွင် အပြစ်မရှိပါ။
အပြစ်ဟုဆိုလျှင်လည်း ဘုရားသခင်မဟောသည့် ပညတ်အပြစ်သာဖြစ်မည်။
မည်သည့်နည်းနှင့်မျှ ပရမတ္ထ အပြစ်မဖြစ်နိုင်။
နှင်းဖြစ်သောကြောင့် ဆောင်းခေါ်ရာနောက် လိုက်ခဲ့သည်။

မနက်ခင်းများသည် အလွန်နှမြောစရာကောင်းနေပါသည်။
မြူငွေ့ငွေ့၊ နေငွေ့ငွေ့ နှင့် ငွေ့ငွေ့လေး ထိုင်လွမ်းနေဖို့သာကောင်းပါသည်။
ကိုယ့်အတွေးများသည် ရွက်ကြွေတို့ကို မြင်လျှင် ဖြိုးဖြိုးဖြစ်ဖြစ်ကြေမွကုန်၏။
ချစ်သူ့ပုံရိပ်သည်လည်း မနက်ခင်းဈေးသည်ကြီး၏ အသံနှင့် အတူ ဝေးသွားလိုက် နီးလာလိုက်။
မည်သို့ပင်ဖြစ်စေ နှင်းဖြစ်သောကြောင့် ဆောင်းခေါ်ရာနောက် လိုက်ခဲ့ပါသည်။

စိမ့်စိမ့်လေး ချမ်းနေရသောကြောင့်လည်း ပျော်ပါသည်။
ခြေအိတ်လေးဝတ်တော့လည်း ပျော်ရပါသည်။
လက်ကျန်လခြမ်းလေးကိုမြင်ရလျှင်လည်း ပျော်ရပါသည်။
မျက်နှာပေါ် ရှပ်တိုက်ပြေးသော လေအေးလေးကြောင့်လည်း ပျော်ရပါသည်။
ထို့ကြောင့် နှင်းသည် ဆောင်းခေါ်ရာနောက်သို့ ပျော်ပျော်ကြီး လိုက်ခဲ့လေသည်။

ခေါင်မိုးပါသော နွားလှည်းများသည် ပုံပြင်ဖြစ်သည်။
နေမဝင်ခင် ပြေးထွက်လာသော ကြယ်လေးတစ်ပွင့်သည် ပုံပြင်ဖြစ်သည်။
အရှေ့အရပ်နှင့် အနောက်အရပ်ကြား ပျာယာခပ်နေသော အရောင်နုလေးသည် ပုံပြင်ဖြစ်သည်။
ကိုယ်သွားရာလမ်းတစ်လျှောက် ချစ်သူအတွက် ပုံပြင်များကို စုဆောင်းနေမိပါသည်။
ပုံပြင်များကိုသာချမ်းသာသောကိုယ်တစ်ယောက်သည် နှင်းဖြစ်သောကြောင့် ဆောင်းခေါ်ရာနောက်သို့ မျောလွင့် လိုက်ပါခဲ့မိပါတော့သည်။


B.S
15th Nov 2011
Mandalay