Saturday, November 19, 2011
ကိုယ့်ရဲ့ လိပ်ပြာလေး
ကိုယ်အသက်ရှူရပ်သွားချိန်တွင် ကန်ရေပြင်သည် ငြိမ်သက်နေခဲ့၏။
ထိုနေ့က ဆက်ရက်ငှက် သုံးကောင်တွေ့ခဲ့လေသည်။
ကိုယ်ချစ်သော လိပ်ပြာလေး၏ အတောင်ပံသည် ပန်းရောင်နှင့် အဖြူရောင်ဖြစ်ပါသည်။
ကစဥ့်ကလျားသီအိုရီနှင့် ကိုယ့်လိပ်ပြာလေး မည်သို့မျှ မသက်ဆိုင်ပါလေ။
ဒီနှစ် မိုးဦးပေါက်က ထိုလိပ်ပြာလေးကို တွေ့နေခဲ့ခြင်း ဖြစ်ပါသည်။
ရံဖန်ရံခါ ကိုယ်သွားရာနောက်သို့ လိုက်နေတတ်သည်။
တခါတလေတွင်တော့ လိပ်ပြာလေးနောက်သို့ ကိုယ်တစ်ယောက် တမေ့တမော လွင့်ပါနေတတ်သည်။
ထိုသို့ဖြင့် ကိုယ်နှင့် ကိုယ့်လိပ်ပြာလေး မကြာခဏ ကမ္ဘာကျပျောက်ကြလေသည်။
ချစ်ခြင်းတရားသည် နောင်တတစ်ခု မဖြစ်သင့်ပါ။
ချစ်ခြင်းတရားသည် ဝဋ်ကြွေးတစ်ခု မဖြစ်သင့်ပါ။
(လုံးဝ အဖြစ်မခံနိုင်ပါ။)
ပန်းပွင့်တွေနေသည့် တောနက်ထဲသို့ သွားမည်။
အိုက်စပ်စပ်နေ့ခင်းမရှိသော ဒေသတွင်နေမည်။
လှိုင်းသံနှင့် ကိုယ်နှင့် ကိုယ့်လိပ်ပြာလေး အတူတူ ကခုန်မည်။
ကိုယ်အသက်ရှူရပ်သွားချိန်တွင် ကန်ရေပြင်သည် ငြိမ်သက်နေခဲ့၏။
ထိုနေ့က ဆက်ရက်ငှက် သုံးကောင်တွေ့ခဲ့လေသည်။                ။
B.S
19 Nov 2011
Mandalay 
Tuesday, November 15, 2011
နှင်းဖြစ်သောကြောင့် . . .
နှင်းဖြစ်သောကြောင့် ဆောင်းခေါ်ရာနောက် လိုက်ခဲ့သည်။
ကိုယ်တို့နှစ်ယောက်စလုံးတွင် အပြစ်မရှိပါ။
အပြစ်ဟုဆိုလျှင်လည်း ဘုရားသခင်မဟောသည့် ပညတ်အပြစ်သာဖြစ်မည်။
မည်သည့်နည်းနှင့်မျှ ပရမတ္ထ အပြစ်မဖြစ်နိုင်။
နှင်းဖြစ်သောကြောင့် ဆောင်းခေါ်ရာနောက် လိုက်ခဲ့သည်။
မနက်ခင်းများသည် အလွန်နှမြောစရာကောင်းနေပါသည်။
မြူငွေ့ငွေ့၊ နေငွေ့ငွေ့ နှင့် ငွေ့ငွေ့လေး ထိုင်လွမ်းနေဖို့သာကောင်းပါသည်။
ကိုယ့်အတွေးများသည် ရွက်ကြွေတို့ကို မြင်လျှင် ဖြိုးဖြိုးဖြစ်ဖြစ်ကြေမွကုန်၏။
ချစ်သူ့ပုံရိပ်သည်လည်း မနက်ခင်းဈေးသည်ကြီး၏ အသံနှင့် အတူ ဝေးသွားလိုက် နီးလာလိုက်။
မည်သို့ပင်ဖြစ်စေ နှင်းဖြစ်သောကြောင့် ဆောင်းခေါ်ရာနောက် လိုက်ခဲ့ပါသည်။
စိမ့်စိမ့်လေး ချမ်းနေရသောကြောင့်လည်း ပျော်ပါသည်။
ခြေအိတ်လေးဝတ်တော့လည်း ပျော်ရပါသည်။
လက်ကျန်လခြမ်းလေးကိုမြင်ရလျှင်လည်း ပျော်ရပါသည်။
မျက်နှာပေါ် ရှပ်တိုက်ပြေးသော လေအေးလေးကြောင့်လည်း ပျော်ရပါသည်။
ထို့ကြောင့် နှင်းသည် ဆောင်းခေါ်ရာနောက်သို့ ပျော်ပျော်ကြီး လိုက်ခဲ့လေသည်။
ခေါင်မိုးပါသော နွားလှည်းများသည် ပုံပြင်ဖြစ်သည်။
နေမဝင်ခင် ပြေးထွက်လာသော ကြယ်လေးတစ်ပွင့်သည် ပုံပြင်ဖြစ်သည်။
အရှေ့အရပ်နှင့် အနောက်အရပ်ကြား ပျာယာခပ်နေသော အရောင်နုလေးသည် ပုံပြင်ဖြစ်သည်။
ကိုယ်သွားရာလမ်းတစ်လျှောက် ချစ်သူအတွက် ပုံပြင်များကို စုဆောင်းနေမိပါသည်။
ပုံပြင်များကိုသာချမ်းသာသောကိုယ်တစ်ယောက်သည် နှင်းဖြစ်သောကြောင့် ဆောင်းခေါ်ရာနောက်သို့ မျောလွင့် လိုက်ပါခဲ့မိပါတော့သည်။
B.S
15th Nov 2011
Mandalay
Saturday, October 22, 2011
ရော့ခ်ည
မီးခိုးငွေ့တန်းရယ်
ပရုတ်နံ့ရယ်
ငါရယ်
မူးတယ်။
ရော့ခ်ဂီတရယ်
ညရယ်
ငါရယ်
မူးတယ်။
ဘွတ်ဖိနပ်အဖြူရောင်လေးတစ်စုံရယ်
ပီကေတစ်ခုရယ်
ငါရယ်
မူးတယ်။
အလင်းရိုက်ခြင်းရယ်
အလင်းယိုင်ခြင်းရယ်
ငါရယ်
မူးတယ်။
ငါက လည်လိုက်
ကမ္ဘာကလည်လိုက်
သံသရာကလည်လိုက်
မူးတယ်။
BS
Dedication for ==>> 21st Oct 2011
Yangon
Saturday, October 15, 2011
စံပယ်ပင် ပုံပြင်
ရထားစောင့်ကြီးဆီကနေ စံပယ်ပင်ပေါက်လေးတစ်ပင် ၀ယ်ခဲ့တယ်။
နေမထွက်ခင် စံပယ်ပင်လေး ပျိုးမယ်ဆိုတဲ့ စိတ်ကူးနဲ့ ကိုယ့်ကြယ်လေးကို ကျောခိုင်းလိုက်တယ်။
စံပယ်ပင်ပေါက်စကို တိုးတိုးလေး ပြောပြနေမိတယ်။
``ဆုတောင်းတွေမပြည့်တဲ့အခါ ဆုတောင်းခံရတဲ့ နတ်မင်းကြီးတွေလည်း မစားသာပါဘူးဟာ´´
``သိလား၊ ဒီဘုရားကျောင်းထဲက ခုံတန်းပေါ်မှာ ကိုယ်မျက်ရည်ဝိုင်းနေခဲ့ဖူးတယ်´´
``အဲဒီနေ့က ညောင်ရွက်တွေ အရမ်းကြွေနေခဲ့တာပေါ့´´
``ကိုယ့်မှာ ကျဉ်းကျဉ်း နက်နက် စိတ်ကလေးပဲ ရှိရှာတာ´´
``လမ်းခုလတ်မှာမှ ဆုံကြတဲ့သူတွေမို့ သီလမလုံကြဘူးတဲ့လေ´´
``အိပ်မက်မက်ရင်းသာလျှောက်ရရင် ကိုယ့်ခြေလှမ်းတွေ သိပ်ကျဲတာပဲ´´
``အမှားတစ်ခုကိုပဲ ထပ်ခါတစ်လဲလဲ လုပ်တာထက်စာရင် မထပ်အောင် မှားနေတာက ပိုကောင်းတယ်လို့ ကိုယ့်ဆရာတစ်ယောက်က ပြောဖူးတယ်။ ကိုယ်ကတော့ လက်မခံပါဘူး´´
``တစ်ခါတစ်လေကျရင် ခပ်ကြောင်ကြောင် ယင်ကောင်လို ကော်ဖီပူပူထဲ ခုန်ချပစ်လိုက်ချင်ရဲ့´´
ကိုယ် ပြုံးနေခဲ့သလား ... စံပယ်ပင်လေး။
ဖြေပါ . . . . .
ဒီလိုနဲ့ စံပယ်ပင်လေးစိုက်ရမယ့် အချိန်ရောက်လာခဲ့တယ်။
ပန်းပျိုးမယ့် ကိုယ့်လက်ကို ကြည့်လိုက်တော့ . . .
မီးတောက်တွေ မီးတောက်တွေ မီးတောက်တွေ
ကိုယ့်လက်ဖ၀ါးမှာ
မီးတောက်တွေနဲ့ . . .
ရင်ကွဲပက်လက် လောင်ကျွမ်းနေတဲ့ မီးတောက်တွေ . . . နဲ့။
ကိုယ်လေ . . .
နှမြောလိုက်ရတာ ။               ။
BS
15 Oct 2011
8:30 pm
Ygn
ခေတ်တစ်ခုရဲ့ ရင်ခွင်
သူမသိဘူး . . . လာဘ်စားတတ်တဲ့သူရဲကောင်းတွေအကြောင်း
သူမသိဘူး . . . သွေးစွန်းလက်တွေနဲ့ မေတ္တာရှင်တွေအကြောင်း
သူမသိဘူး . . . ခွက်ထိုးခွက်လန် ရယ်မောနေတဲ့ ငိုကြွေးသူတွေအကြောင်း
သူမသိဘူး . . . သစ်ရွက်ကိုစိုက်မှ ပွင့်တတ်တဲ့ပန်းတွေအကြောင်း
သူမသိဘူး . . . မီးတောက်တွေနဲ့ပိတ်လှောင် အော်ဟစ်နေတဲ့ စွန့်စားသူတွေအကြောင်း
သူမသိဘူး . . . အဲဒီ မီးခိုးအူအူ သမိုင်းနေ့စွဲတွေအကြောင်း
ပါးစပ်တွေရဲ့ ပေါက်ကွဲသံတွေက ယမ်းငွေ့တလူလူ
အဖျော်ဖြေခံ နယ်ချဲ့တွေကလည်း ဆိုဂျူးပုလင်းတွေနဲ့ ရင်တပူပူ
စိတ္တဇဒဏ်ရာမို့ ဘူဇွာမမည်တဲ့ ဘူဇွာတွေကလည်း အလံတထူထူ
ကလေးရယ်
ဒီလိုခေတ်မျိုးကြီးမှာ နင်မို့လို့ လူဖြစ်လာတယ်ဟာ . . . ။            ။
BS
January 26, 2011
3:36pm
Tuesday, September 27, 2011
လွဲသူ့ အစွဲ
တတိယအမြင်ကို ခွေးချီပြေးသွားခဲ့။
     နှလုံးသားကို ကြောင်ကုတ်သွားခဲ့။
          စိတ်ကူးအယဉ်ကို လူနင်းသွားခဲ့။
ပျောက်လို့ ... ရှလို့ ... ပြားလို့။
ပလေတိုရဲ့ မှန်နဲ့ ထောင်ကြည့်တော့ ကိုယ့်မှာ မြင်မကောင်း ရှုမကောင်း။
     ဒီအမှားကိုပဲ ထပ်ခါတလဲလဲဆိုတော့ ရှုံးလိုက်တာမှ ၀က်ဝက်ကွဲ။
လေးစားမှုမရှိကြပုံများ ... ကိုယ့်ပခုံးပေါ်မှာ ပိုးစိမ်းကောင်တွေ မိတ်လိုက်ကြ၊ မုန်းပါ့။
    ဒီ ကဝေနဲ့တော့ ခက်ပြီ ...
တောက်စား
   ဖမ်းစား
      ပြုစား
         လှည့်စား
တိုးသက်သက် သူ့ကျိန်စာက မီးခိုးတွေထဲမှာ ယဲ့ယဲ့ ... သဲ့သဲ့
သြော် ... ချစ်သူရယ် ... မနက်ဖြန်ကုန်တဲ့နေ့မှာမှ စ လွမ်းရမှာတဲ့လား။
၂၀၀၉     ၂၀၁၀   ၂၀၁၁
လင့်ရင်း မျှော်ရင်းနဲ့ ကိုယ်လည်း ဆံပင်တွေ ဖြူခဲ့ပြီ ချစ်သူ . . . . . ။            ။
BS
26 Sept 2011
10:30 PM
Ygn
Sunday, August 28, 2011
အအိပ်မဲ့ (၂)
ကွေးမရ ခေါက်မရနဲ့
အိပ်ရေးဝဖို့
ငါ့နားနဲ့ငါ
ခဏခဏ ရန်ဖြစ်ရတယ်။
ရယ်တုန်းမောတုန်းမှာမှ
လော်စပီကာက အူ
မျိုးကြီးက ဆူ
ခွေးတွေကို ရန်စတာ ဘယ်သူလဲ။
ဖွဲဖွဲပဲကျကျ
သည်းသည်းပဲရွာရွာ
ကြွေကျလာတဲ့ မိုးပွင့်တွေကို
ထီးဖွင့်ကြိုဖို့ အားနာသကွဲ့။
ဒီလိုနဲ့ပဲ . . . ဒီတစ်ညလည်း အိပ်ရေးမဝပြန်ဘူး။             ။
BS
Saturday, August 27, 2011
အအိပ်မဲ့
ပြန်ရမယ့် လမ်းက
နေကြမ်းကြီးနဲ့ မျက်နှာချင်းဆိုင်
ဘယ်နတ်ကို တိုင်တည်ရဦးမလဲ . . .
ရှိုက်ငိုနေတဲ့ စိတ်ကူးကျဉ်းလေး
မျက်တွင်းဟောက်ပက်နဲ့ ဖဲချပ်လို
ဖွင့်ပစ်လို့လည်းမရ၊ ဖုံးထားလို့လည်းမရဲ . . .
ကဲ . . .
ဒီထက်ပိုစောင့်ရမယ်ဆိုရင်လည်းပြော . . . အခုတော့
ငါ့ဆဲလ်တွေက စွမ်းအင်ပြောင်းပြီး
လူလည်း နျူကလီယား လက်နက်လောင်းကြီးဖြစ်ပေါ့။            ။
BS
Wednesday, July 27, 2011
အက်ကြောင်း
ဂစ်တာမွဲမွဲကြီးရဲ့ရင်ခွင်မို့
တစ်ကြိုးပြီးမှ နောက်တစ်ကြိုးမြည်တယ်
အာလေးလျှာလေးနဲ့ သူခြွေတဲ့တေး
ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ . . .
မိုးအုံ့တဲ့တစ်ရက်မှာ
မြွေနှစ်ကောင် ခွေပတ်နေတာတွေ့လို့
မနာအောင် သတ်
ဆီပြန်လေးချက်စားခဲ့သတဲ့။
ဘိန်းစားမို့
ကားမမူးရဘူးလို့
ဘယ်သကောင့်သား ပြောသလဲ
ဖြစ်တည်သမျှကို မီးခိုးငွေ့ကမြို
ဒီတစ်မိုးကလည်း ခိုလို့မလုံတော့ဘူးလေ။            ။
BS
8th July 2011
Dumgung Village
Tuesday, July 26, 2011
မြက်နှစ်ပုံ
... တစ်ခါတုန်းက လူနှစ်ယောက်က မြက်တစ်ပုံစီကို ထမ်းပြီး ခရီးသွားကြသတဲ့။ တစ်နေရာရောက်တော့ ၀ါဂွမ်းပုံ နှစ်ပုံကို တွေ့သတဲ့။ ခရီးသွားတစ်ယောက်က ထမ်းလာတဲ့ မြက်ပုံကို ထားပစ်ခဲ့ပြီး ၀ါဂွမ်းကို ပြောင်းထမ်းသွားပါသတဲ့။ တန်ဖိုးကလည်း ကွာသကိုး။ နောက်တစ်ယောက်ကတော့ ´´ဒီနေရာထိတောင် ထမ်းလာခဲ့ရတဲ့ မြက်ပုံကို မထားခဲ့နိုင်ပါဘူး။´´ ဆိုပြီး မြက်ပုံကိုပဲ ဆက်ထမ်းသွားပါသတဲ့။ တော်တော်လေးသွားမိပြန်တော့ သိုးမွေးပုံ နှစ်ပုံကို တွေ့ပြန်ရော။ ၀ါဂွမ်းထမ်းထားတဲ့ ခရီးသွားကတော့ သိုးမွေးကိုသယ်ခဲ့ပါတယ်။ ပိုတန်ဖိုးကြီးတယ်လေ။ ဒါပေမယ့် နောက်ခရီးသွားကတော့ ´´၀ါဂွမ်းနဲ့တောင် မလဲခဲ့တဲ့ ဒီမြက်ပုံကို ဘာလို့ သိုးမွေးနဲ့ လဲရမှာလဲ´´ ဆိုပြီး မြက်ကိုပဲ ဆက်ထမ်းသွားပါသတဲ့။ ...
ကိုတာရဲ့ ´ဖြန့်ထွက်တွေးခြင်းနှင့် အခြားစာတမ်းများ´ စာအုပ်မှာ ဆရာပါရဂူရေးပေးထားတဲ့ အမှာစာထဲက ပုံပြင်လေးပါ။ ကိုယ့်ကို တော်တော်လေး ငေါင်သွားစေပါတယ်။ ပိုပြီး တန်ဖိုးရှိတဲ့ ၀ါဂွမ်းတွေ၊ သိုးမွေးတွေ ဘယ်လောက် ချန်ရစ်၊ ကျန်ရစ် ခဲ့ပြီလဲ။ သံယောဇဉ်ရဲ့ မမြင်နိုင်တဲ့ ကုန်ကျစရိတ်ပဲဖြစ်ဖြစ်၊ အပျင်းထူခြင်းရဲ့ ဆင်ခြေလို့ပဲဆိုဆို လက်လွတ်ခဲ့တဲ့ အခြေအနေတွေ ဘယ်လောက်များခဲ့သလဲ။
မြက်ပုံကို မပစ်နိုင်တာထက် မြက်လောက်တန်ဖိုးရှိတာကို မတွေ့လို့များလား။ ဒါမှမဟုတ် ပိုတန်ဖိုးရှိပေမယ့် မနိုင်ဝန်ဖြစ်နေမယ့် အရာတွေမို့လို့လား . . . ဆိုကြပါစို့။ ကိုယ်ထမ်းလာခဲ့တဲ့ မြက်ပုံက လူတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် . . . . . ပိုတန်ဖိုးရှိတာကို တွေ့တဲ့အခါ သူနဲ့ လဲပစ်လိုက်ရမှာလား။ ဖြန့်တွေးကြည့်တာပါ။ စာအုပ်နာမည်ကိုက ´ဖြန့်ထွက်တွေးခြင်း´လို့ ဆိုတာကိုး။
အဲဒီစာအုပ်ထဲကပဲ အရမ်းသဘောကျမိတာလေးရှိပါသေးတယ်။ လူတွေက သူတို့ လုပ်နေကျ ကိုင်နေကျ၊ သွားနေကျ လာနေကျ ပုံစံမှာ သိပ်အဆင်ပြေနေရင်လည်း ဖောက်ထွက်ဖို့၊ ဖြာထွက်ဖို့၊ ဖြန့်ကျက်ထွက်ဖို့ အားမစိုက်ကြတော့ဘူးတဲ့။ ဘ၀က အဲလောက်လွယ်ကူနေလို့များလား . . . မဟုတ်သေးပါဘူး။
နောက်တစ်ခု ကိုယ်သဘောကျတာလေး ရှိသေးတယ်။ "Delusion of learning from experience" တဲ့။ အတွေ့အကြုံရနေတိုင်းလည်း ပညာရနေတာ ဟုတ်ချင်မှဟုတ်မှာတဲ့။ တခါတလေ ကိုယ်တို့တတွေက ရသေ့စိတ်ဖြေလေးနဲ့ နေတတ်ကြပါတယ်။ သြော် ... ပညာမရပေမယ့် အတွေ့အကြုံတွေရနေသားပဲ ဆိုပြီးတော့လေ။ အကောင်းဖက်ကနေ တွေးတာပါ ဆိုတဲ့စကားကိုက ဘက်လိုက်တဲ့ စကားကြီးပါ။ အမှန်တရားမဟုတ်သေးပါဘူး။
ဒီတော့ ကိုယ်တို့တတွေ ပခုံးပေါ်က မြက်ပုံတွေကို ပြန်ကြည့်ကြရအောင်လေ။ တန်ဖိုးဖြတ်တာ မဟုတ်ပေမယ့် အဖိုးတန်ရဲ့လားဆိုတာ တွက်မယ်။ သွားရင်း လာရင်းနဲ့ ပိုတန်ဖိုးရှိမယ့် အရာလေးတွေကို ရှာမယ်။ ခွေးချေးပုံ၊ နောက်ချေးပုံတွေကိုလည်း ရှောင်ရင်း ရှားရင်း ကျော်ရင်း လွှားရင်း ကိုယ်တို့တတွေ စိတ်ကို ဖွင့်ထားကြစို့။
B.S
10 July 2011
Myitkyina
Monday, July 4, 2011
တောင်တောင် အီအီ ကြောင်ပါသည်။
မြက်ခင်း နုနု စိမ်းစိမ်းလေးပေါ်မှာ လျှောက်ပြေးကြရအောင်။ ဖိနပ်တွေ ချွတ်ထားခဲ့။
လက်တစ်ကမ်းနဲ့ မှီနိုင်တဲ့ သစ်သီးတွေ ရှိမယ်။
နတ်ကောင်းနတ်မြတ်တွေရဲ့ ရောင်စုံကြယ်ကြွေတွေ ရှိမယ်။
ကိုယ်ချစ်တဲ့ နဂါးတို့ရဲ့နေ့ဖြစ်တယ်။
ကိုယ်တို့နှစ်ယောက်ကို ဘောင်ခတ်ထားရက်လိုက်ပုံများ... အုတ်နီချပ်တွေ စီစီရီရီ။
ကျောင်းတော်ကြီးရဲ့ သင်ခန်းစာက ဆူးတွေကို ပွားစေခဲ့သလား။
ရုပ်မြင်သံကြားတွေကပဲ ဖမ်းစားခဲ့လေသလား။
ဟိုးရှေးရှေးတုန်းကနဲ့ နောင်လာမယ့်နဲ့ကြားမှာ တို့တတွေ ခပ်ပိန်းပိန်း အငြင်းပွားကြမယ်။
မလောင်းနဲ့။ အဲဒီပွဲလည်း ရှုံးမှာပဲ။
ဆက်သာ က သူငယ်ချင်း... ပန်းစည်းကမ်းမယ့်သူ ရှိရှိ မရှိရှိ ကိုယ်ပျော်နေရင်ပြီးတာပဲ။
ဘာတဲ့လဲ။
မ၀ယ်သေးဘူး။
ဖေဖေကပြောတယ်... နိုင်ငံရေးကလွဲရင် ကြိုက်တာဝယ်စားတဲ့။
ကိုယ်သိတယ်။ သူတစ်ယောက်လည်း ၀ယ်စားမှာ မဟုတ်ဘူး။
ကိုယ်ကလည်း ညံ့ပါ့။ ပထ၀ီဆိုရင် တ၀ီဝီလည်နေတယ်ပဲမှတ်တာ။
တောင်နဲ့မြောက်တောင် အယောင်ယောင် အမှားမှား။
နည်းပညာလား။ မပြောနဲ့တော့။ ကိုယ်က အဖွားနဲ့ကို တူတာ။ ဘာတဲ့...ညည်းတို့ပြောတဲ့ ဂလိုဘယ်လိုင်ဇေးရှင်းက အယ်လ်ဇေးရှင်းလောက် ဟောင်သလား။ ဘိုသံတော့ မှန်မယ်ထင်ရဲ့။
သွားစမ်း... အဆံမပါတဲ့ လက်သီးလက်မောင်းတွေ။ တန်းနေလိုက်ကြတာ ကျီးကန်းများ အစာငမ်းသလို။ မျက်နှာဖုံးမပါဘဲ သတ္တိမရှိရဲတဲ့ အကောင်တွေ... ငါတို့က ဘာလို့ ယုံရမှာတုန်း။ အဝေးကြီးက ဟောနေတဲ့တရားမို့ ကြားရတာ နားကလောတယ်။ သတ္တိရှိရင် မျက်နှာဖုံးချွတ်ခဲ့။
အိုဘယ့် ဆေးရိုးသည်... ကန့်လန့်တိုက်လှည့်ပါဦးကွယ်... စိန်နဲ့ကျောက်ကုန်သည်တွေက ချဉ်စော်နံတယ်။ ငါရှိတယ်။ လာလှည့်။
အခုတလော ကော်ဖီခါးတွေ တအားသောက်ဖြစ်တယ်။ ချစ်သူပြောသလိုများ မည်းတူးသွားမလားလို့ ... ဟဲ ဟဲ ဟဲ ဟဲ... ။ ဟောဒီက အလွမ်းပူပူလေး ယူကြဦးမလား တော်တို့ရေ။
သြော်... မေ့တော့မလို့ ... နန်းကျဘုရင်တွေရယ်လေ။ ကိုယ့်အာရုံတွေကို ထိပ်တုံးခပ်ခပ်ထားတဲ့ အဲဒီ နန်းကျဘုရင်တွေ။ ရှုပ်နေလိုက်ကြပုံများ... ချာတူးလန်နေတဲ့ ပြဇာတ်အစုတ်အပြတ်တွေ။ အလကား။ ကိုယ့်ကဗျာတွေလို ... စကားလုံးတွေနဲ့ ဖောင်းကားပုပ်ပွ။ အဲဒီ နန်းကျဘုရင်တွေပေါ့။
ဒီနေ့ ကိုယ် မှန်ကြည့်တယ်... ရူးသွပ်မှု ခွေခွေလိပ်လိပ်လေးတွေကတော့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က အတိုင်းပဲ။ တကယ်ဆို ဦးနှောက်ကို ဗိုလ်ထားသင့်တာ။ မသိဘူးဗျို့။ ကိုယ်ကတော့ ချစ်တာတစ်ခုတည်း သိတယ်။ ဟဲ ဟဲ ဟဲ ဟဲ။
ဒီကြက်ကန်းက ဆန်အိုးကြီးနဲ့ တိုးချင်သေးတာ။ အို... ရှုပ်ပါတယ်...  ဆန်အိုးထဲ ပြုတ်ကျလိုက်... အေးရော။ သေသေချာချာ ပြန်စဉ်းစားတော့ ကြက်ကန်းမဖြစ်ချင်ပြန်ဘူး။ ဆင်ကန်းပဲ ဖြစ်တာ ပိုကောင်းမလား... တောတိုးရမှာဆိုတော့... အဟမ်း အဟမ်း။
ပြောပါတယ်... ကိုယ်က တော်တော်ကြောင်ပါတယ်လို့။            ။
BS
4:05 am
4th July 2011
Friday, July 1, 2011
Before the Dawn
Before the Dawn
Faint and dreamy light
did recite those lines
===> Aesthetic molecules may shower <===
===> Swaying tinges may flutter <===
While we were sheltering
In each other dreams
Before the dawn came.
B.S
1st July 2011 
Thursday, June 30, 2011
ချစ်သူဟု ခေါ်ပါသည်။ (၆)
ကျွန်မချစ်သူသည် မြစ်ကြီးနံဘေးတွင်နေပါသည်။
ဘုရားပွဲတွင် ဆင်လိမ္မာကို ကျွန်မနှင့် အတူတူစီးချင်သည်ဟု ဆိုသည်။ ကျွန်မ အားရပါးရ ရယ်မိပါသည်။ ချစ်သူကလည်း အူကြောင်ကြောင်နှင့် လိုက်ရယ်ပါသည်။ ကျွန်မကလည်း ရူးပါသည်။ ချွန်းနှင့်ပေါက်မှ သွားမည်ဆိုပါက မင်္ဂလာ ဆင်ဖြူတော်ပင်ဖြစ်စေဦးတော့ ... မစီးလိုပါ။ ထိုသို့ဖြင့် ´´ကျွန်မ တော်တော် ကြောင်ပါတယ်´´ ဟူသော ကျွန်မ၏အဆိုကို ချစ်သူက အပြည့်အ၀ ထောက်ခံပါသည်။
ပတ္တလားသည်လည်း နံရံထက်တွင် ဒက်ဆီဘယ်လ် ခပ်နိမ့်နိမ့်ဖြင့် ပြုံးစစ လုပ်နေပါသည်။ တခါတရံ အနုပညာသည် အဏုမြူထက် အဆပေါင်းများစွာ ပြင်းထန်သည်ဟု ထင်မိပါသည်။ ဘာမှတော့ဖြင့် မဆိုင်ပါလေ။ သို့သော် ချစ်သူ၏ အနုပညာတွင် ကျွန်မတစ်ယောက် ရောင်စုံအမှုန်များအဖြစ် ကြိမ်ဖန်များစွာ လွင့်လျား ပျောက်ကွယ်ခဲ့ပါသည်။
သက်တံ့တစ်စုံ ဦးညွတ်သည့်နေ့ဖြစ်သောကြောင့် မိုးသည်လည်း အနည်းငယ် ဖွဲလေသည်။ ကတိများဖြင့် မချည်လိုပါ။ အချည်နှောင်လည်း မခံလိုပါ။ ထို့ကြောင့် ချစ်သူနှင့် ကျွန်မ မျဉ်းပြိုင်များအဖြစ် တစ်လမ်းစီသွားကြပါမည်။ တစ်ယောက်တစ်လမ်းစီ သွားကြပါမည်။ ကုသိုလ် ဆီမီးနံ့သာများကြောင့် ကျွန်မတို့နှစ်ယောက် ပြန်ဆုံကြပါလိမ့်ဦးမည်။ ထိုသို့ ယုံကြည်မိပါသည်။
မကြာမီတွင် ၀ါဝင်တော့မည် ဖြစ်သောကြောင့် ကျွန်မသည်လည်း တရားအားထုတ်ကာ ဘုရားကို ဂျီကျလိုက်ပါဦးမည်။ ရှင်တော် အာနန္ဒာ ရှိလျှင်ဖြင့် ကျွန်မကို ကိုယ်ချင်းစာမည်ဟု ထင်မိပါတော့သတည်း။                        ။
BS
18 June 2011
Wednesday, June 8, 2011
Carpe diem!!
Knock! Knock!
here, infatuations come and go ~ ~ ~
Carpe diem!!
Staying stupid
let broken faith take my shadow back ~ ~ ~
Carpe diem!!
Smash this hope
don't screw me by telling how calenders peeled ~ ~ ~
Carpe diem!!
BS
8 June 2011 (7:45 PM)
Ygn
Tuesday, June 7, 2011
ချစ်သူဟုခေါ်ပါသည်။ (၅)
                      ကိုယ်သူ့ကို စတွေ့တော့ သူက အိမ်လေးတစ်လုံး ဆောက်နေတယ်။ ကြံရည်သောက်တဲ့ ရောင်စုံပိုက်တွေသုံးပြီး အိမ်လေးတစ်လုံးဆောက်နေတာပေါ့။ အိမ်လေးရဲ့ရှေ့မှာ ပန်းရောင်တြိဂံပုံ အလံလေးကို စိုက်လိုက်သေးတယ်။ အိမ်လေးကို ခြံဝင်းမခတ်ဘူး။ ပြီးတော့ အိမ်လေးတစ်ဝိုက်မှာ သကြားပွင့်တွေ ဖြူးတယ်။ ချောကလက်လုံးလေးတွေ ကြဲတယ်။ ရောင်စုံကြား ချိုချဉ်လေးတွေလည်း ဖြန့်ကျဲထားလိုက်သေးတယ်။ မကြာပါဘူး။ ပုရွက်ဆိတ်တွေ သူ့ထက်ငါ အလုအယက် အဲဒီအိမ်လေးဖက်ကို ချီတက်လာကြတယ်။ ပုရွက်ဆိတ်တွေ တော်တော် အုံခဲလာတော့ သူက ခွေးခြေခုံပုလေးယူထိုင်ပြီး ပုံပြင်စာအုပ်ကို ဖွင့်ဖတ်ပြတော့တာပဲ။ သူ့အသံက နိမ့်လိုက် မြင့်လိုက်နဲ့ ပုံပြင်အသွားမှာ လွင့်နေလိုက်ပုံများ . . . သူမို့လို့ မမောနိုင်မပန်းနိုင်။ သြော် မေ့သွားလို့။ အဲဒီအိမ်လေးကို သူက "ကျောင်း" လို့ နာမည်ပေးထားတယ်။ ကိုယ်လေ . . . သူ့ကို ချစ်လိုက်တာ။             ။
BS
7 June 2011 (8:40 PM)
Yangon
ကိုယ့်သူငယ်ချင်းတစ်ယောက် ပြောပြတဲ့ အနုပညာပြပွဲလေးအကြောင်းကို ပြန်ခံစားပြီးရေးထားတာပါ။
Monday, June 6, 2011
နေရာလွဲ
စဉ်းစားကြည့် ချစ်သူ
ငါတို့နင်းမယ့် မြက်ခင်းနုနုမှာမှ
ဒီခွေးလေ ခွေးလွင့်တွေက
ဖန်တရာတေအောင် လွမ်းခဲ့ကြသတဲ့။
သစ္စာမရှိတဲ့ ဓား
ပေါက်လွှတ်ပဲစား ကတိစကား
နျူကလီးယားသင့်သွားတဲ့ နွား
သေချာတယ် . . . နင်နဲ့ငါ မမှားခဲ့ကြဘူး။
အင်္ဂုလိမာလ နဲ့ အဇာတသတ်
ချစ်သူရေ . . . တွေးကြည့်ပါကွယ်
ဒီသံသရာကြီးမှာ
သူတို့လို နာခံတတ်တဲ့ တပည့်တွေ မရှိသင့်ပေဘူးလား။               ။
BS
Thursday, June 2, 2011
လမ်းနှင့်အပြန်
ထာဝရတရားတို့သည်လည်း ထာဝရ မမည်ကြတော့။
နှလုံးသားကို ဦးညွတ်နေချိန်တွင် အချိန်လေယာဉ်ကြီး ပျက်ကျခဲ့လေ၏။
မီးခိုးငွေ့များဖြင့် မည်းချိတ်နေသော သူ့မျက်နှာပေါ်သို့ အတိတ်အက်အက်တို့ ပရမ်းပတာ ရိုက်ခတ် . . .
အဆင်းနှင့်အချင်းသည်လည်း မီးလျှံဝေဝေဝါးဝါးများအောက်တွင် လွန့်လွန့်လူးလူး . . .
သူ့မှော်ရိုက်ချက်များဖြင့် ယုတ္တိတန်ခြင်းအား ထိတ်လန့်တကြားကျိန်ဆဲ . . .
မည်သို့ပင်ဖြစ်စေ သူ့ခြေလှမ်းတလျှောက် ရောင်စုံကြယ်စင်များကြွေနေပါလိမ့်ဦးမည်။
အညစ်အကြေးအထပ်ထပ်နှင့် အတ္တတစ်ပိုင်း စိတ္တဇအရောင်အောက်မှာ မိုက်မဲရိုင်းစိုင်း . . .
ထိုစိတ္တဇအရောင်များတွင်မှ သူ့အပေါ်ကျနေသော အလင်းသည် သိမ်မွေ့ ဝပ်တွား ပါးလျှ နူးညံ့။
ကျောင်းတော်ကြီးအားလည်း မော်ဖူးပါလေ . . .
နေဝင်ငှက်များအားလည်း ပျံသန်းနိုင်သည့် အနမ်းဖြင့် နှုတ်ဆက်ပါလေ . . .
အိပ်မက်နတ်သားတို့အား ဓာတ်ကြိုးများဖြင့် အထပ်ထပ်ရစ်ပတ်ပါလေ . . .
ညနှင့်နီးသဖြင့် အရိပ်တို့သည်လည်း စိုထိုင်းအေးစက်ကာ ယိုင်ထိုးယိုင်ထိုးဖြစ်လာ၏။
ထိုသို့ဖြင့် အိမ်အပြန်လမ်းကို သူရှာတွေ့နိုင်ပါလိမ့်မည်။
BS
6:30 PM
2nd June 2011
Yangon
Tuesday, May 31, 2011
ခံတွင်းပျက်တဲ့နေ့တွေ
သိဟ်ရာသီကို ဒုန်းစိုင်းဝင်မယ်ဆိုတဲ့
လျှပ်သားလိပ်တွေထစ်ချုန်း
ပုန်းနေတဲ့ စိန်ပန်းတွေလည်း မနီရဲနိုင်တော့။
မိုးသောက်ချိန် ထထပြေးတဲ့တိမ်တွေ
အရက်နာကျနေလိုက်ပုံများ
နင်လား ငါလား . . . ငါလား နင်လား။
လွတ်လွတ်ကျွတ်ကျွတ်လမ်းများတွေ့မလားလို့
သွားဖွင့်မိတဲ့ပြူတင်းတံခါး
စာချုပ်လေးနှစ်ရွက်လွှားနေခဲ့။
မှန်ထဲက နေအလင်း
အလင်းထဲက လဲ့စိုစိုကြယ်စင်တန်း
ဒီသီချင်းလည်း ကီးမမှန်ပြန်ဘူး။
သြော် . . .
တောင်ပံကျိုးတဲ့ ငှက်တော့ ဘယ်နေတယ်မသိ
ဒီကြောင်ကဖြင့် ခံတွင်းပျက်လှပြီ။               ။
B.S
31st May 2011 (6:00 PM)
Yangon
Monday, May 23, 2011
နှစ်အဟောင်းနှင့် ပတ်ပတ်လည် (စကားပြေ)
အရင်နှစ်တုန်းက ကိုယ့်ကဗျာတွေနဲ့ ပတ်သက်လို့ သူငယ်ချင်းတစ်ယောက်နဲ့ ဆွေးနွေးခဲ့ဖူးပါတယ်။ `စာရေးတယ်ဆိုတာက စာဖတ်သူအတွက် ဖြစ်သင့်တယ်။ ဒါကြောင့် စာရေးရင် စာဖတ်သူ နားလည်အောင် ရေးသင့်တယ်´ လို့ သူကဆိုပါတယ်။ ကိုယ့်အတွက်ကတော့ ဝေေ၀၀ါးဝါးပါပဲ။ ကိုယ်ရေးလေ့ရှိတာကလည်း ကဗျာတွေ ဖြစ်နေလေ့ရှိတော့ စာဖတ်သူ နားလည်၊မလည် ဆိုတာကို ဗဟိုချက်ထားပြီး မစဉ်းစားမိတာ အမှန်ပါ။  တကယ်တမ်းပြောရရင် ကဗျာဆိုတာဘာလဲဆိုတာကိုလည်း ကိုယ်သေသေချာချာ နားမလည်ပါဘူး။ ငယ်ငယ်တုန်းကတော့ တဂိုးရဲ့ကဗျာလေးတွေ . . . ဦးပုညရဲ့ စာတိုပေစလေးတွေနဲ့ ပျော်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ ဆရာ တာရာမင်းဝေရဲ့စာတွေကို အရမ်းမက်မောခဲ့ပါတယ်။ (ကိုယ့်ကဗျာတွေမှာ ဆရာရဲ့ အရိပ်အငွေ့က လုံးဝမလွတ်တာကို သတိထားမိမှာပါ။) သူတို့တွေကို အားကျရင်း၊ လေးစားရင်းနဲ့ ကဗျာရေးဖို့ကို အရမ်းအားသန်ခဲ့ပါတယ်။ အဲဒါနဲ့ စရေးဖြစ်ပါတယ်။ ကဗျာတွေကိုဖတ်တယ်။ ဒါပေမယ့် ကဗျာဘယ်လိုရေးရမလဲဆိုတာကိုတော့ (သိပ်စိတ်မ၀င်စားလို့) မဖတ်ဖြစ်ပါဘူး။ အဲဒီတော့ ကဗျာပညာရှင်ကြီးတွေက ဝေဖန်မယ်ဆိုရင် ကိုယ်ရေးနေတဲ့ ကဗျာဆိုတာတွေက ကဗျာ မည်ချင်မှမည်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲလိုရေးရတာကို မြတ်နိုးတဲ့အတွက် (ကဗျာလို့ ကိုယ်ထင်တဲ့) စာပိုဒ်တိုလေးတွေကို ဆက်တိုက်ရေးဖြစ်ခဲ့ပါတယ်။
ကိုယ်ရေးတဲ့ ကဗျာက ဘာအမျိုးအစားလဲလို့ မေးရင် ကိုယ့်မှာ ဖြေစရာအဖြေမရှိပါဘူး။ ကိုယ် သိလည်း မသိပါဘူး။ ကိုယ်က အများအမြင်မှာ ပျော်ပျော်နေတတ်တဲ့သူတစ်ယောက် (ဆိုပါစို့)။ ကိုယ့်ရင်ထဲမှာ ပြည့်ကျပ်နေတဲ့ အကြောင်းတွေကိုဆိုရင် ဘယ်လောက်ရင်းနှီးကျွမ်းဝင်သူကိုပဲဖြစ်ဖြစ် အတွင်းကျကျ ဖွင့်ဟလေ့မရှိပါဘူး။ လုံးဝ မပြောတာမျိုးတော့လည်း မဟုတ်ပြန်ဘူး။ မခံနိုင်လွန်းလို့ ပြောပြပေါက်ကွဲတတ်တာမျိုးတော့လည်းရှိပါတယ်။ ဒီတော့ ကဗျာလိုလို စာလိုလိုတွေက ကိုယ့်ရဲ့အဖော်တွေဖြစ်လာပါတယ်။ ငယ်ငယ်တည်းက ဒိုင်ယာရီရေးတယ်။ ကိုယ့်ဒိုင်ယာရီမှာ ကိုယ်တစ်နေ့တာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာမျိုးထက် ကိုယ်ဘာတွေ ခံစားခဲ့ရတယ် ဆိုတာမျိုးကို ရေးတာများတယ်။ နောက်ပိုင်းကျတော့ အဲလိုခံစားချက်မျိုးကိုတောင် အတည့်အတိုင်းမရေးချင်တော့ဘူး။ တင်စားမှုတွေ၊ ဝေ့၀ိုက်ခြင်းတွေ၊ ရောထွေးခြင်းတွေနဲ့ စာပိုဒ်အပိုင်းလေးတွေ ပိုရေးဖြစ်လာတယ်။
အင်တာနက်တွေ ခေတ်စားလာပြီးနောက်ပိုင်းမှာ အခု Multiply ၀က်ဘ်ဆိုဒ်လေးက ကိုယ့်ရဲ့ ဒိုင်ယာရီဖြစ်လာခဲ့တာ အခုထိပါပဲ။
ဒီလိုနိဒါန်းတွေ ဘာကြောင့်ပျိုးနေတာလဲဆိုတော့ ဒီနေ့ သူငယ်ချင်းတစ်ယောက်က အီးမေးလ်ပို့လိုက်ပါတယ်။ သူက ကိုယ့်ကဗျာတွေကို အမြဲလိုလိုသေသေချာချာ ဖတ်တဲ့သူတစ်ဦးပါ။ ဟိုတစ်နေ့က ကိုယ်တင်လိုက်တဲ့ `နှစ်အဟောင်းနှင့် ပတ်ပတ်လည်´ ဆိုတဲ့ ကဗျာလေးကို သူ နားမလည်ဘူး။ စကားပြေအနေနဲ့ ရေးပေးပါလို့ ကိုယ့်ကို ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်စရာကောင်းတဲ့ တုန့်ပြန်မှုလေးပဲဖြစ်ပါတယ်။ သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီ ကဗျာလေးကို စကားပြေအနေနဲ့ ပြန်ရေးခြင်းပဲဖြစ်ပါတယ်။ သူငယ်ချင်း ကျေနပ်ပျော်ရွှင်ပါစေ။
နှစ်အဟောင်းနှင့် ပတ်ပတ်လည်
ကိုယ်စောင့်နတ် ပျောက်တဲ့နေ့မို့
မျက်နှာ မသစ်ခဲ့ရဘူး ချစ်သူ။
မေမေသိရင် ကိုယ့်ကို ဆူဦးမယ်။
နောက်ကျမှ အိပ်ယာထလျှင် ကျွန်မမေမေသည် အလွန်စိတ်ဆိုးတတ်ပါသည်။ အထူးသဖြင့် အိပ်ယာမှနိုးသော်လည်း အပျင်းဆွဲကာ မျက်နှာမသစ်ချင်သော ကျွန်မသည် မောင်နှမများအားလုံးတွင် အဆူခံရဆုံးဖြစ်ပါသည်။ မေမေ့လက်သုံးစကားမှာ `မျက်နှာမသစ်လျှင် ကိုယ်စောင့်နတ်မကြိုက်´ ဖြစ်ပါသည်။ ထိုအချိန်က ကျွန်မ မကြာခဏ တွေးနေမိသည်မှာ ထိုကိုယ်စောင့်နတ်သည် ကျွန်မနှင့် တစ်ချိန်လုံးရှိနေပါသလား ... အဆုံးစွန်  အိမ်သာသွားရမည်ကိုပင် နောက်ကျောမလုံဖြစ်မိပါသည်။ သူတကယ်ရှိသည်ဆိုပါလျှင် သူ ကျွန်မကို မမြင်ရတော့အောင် ကျွန်မ ပုန်းနေမိချင်ပါသည်။ ထိုနေ့တွင် ကျွန်မ အိပ်ယာမှ အလွန်နောက်ကျစွာထမည်။ မျက်နှာမသစ်ပဲနေမည်။
ထင်တာထက် မြန်မြန်လည်နေတဲ့ဘဝ။
သူတို့တတွေကလည်းပြောကြတယ်
အိမ်ပြန်တော့ အချိန်အတော်လင့်နေပြီ ... တဲ့။
လက်တွေ့ကျခြင်းဆိုသည်မှာ အတိတ်မှာ ကင်းလွတ်နေခြင်းနှင့် မည်သို့မျှ ပတ်သက်မည်ဟု မထင်ပါ။ ကျွန်မသည် စိတ်ကူးယဉ်လွန်းပါသည်။ မျှော်လင့်တတ်လွန်းပါသည်။ အရာရာ လွန်ခဲ့ပြီဟု ကိုယ့်ကိုယ်ကို ပြန်သတိပေးချိန်တွင် ကျွန်မအသက်သည် ၃၀ နားကပ်နေပါပြီ။ ကျောင်းပြေး၊ ဘင်ခရာတီးဝိုင်း၊ ဘတ်စ်ကက်ဘောကွင်း၊ စာရိတ္တဆု၊ အောလ်စတားဖိနပ် . . . ကျွန်မနှင့် ဘယ်လိုမှ မပတ်သက်တော့သည့် အရာတွေ များသည်ထက်များလာခဲ့ပါသည်။ အတ္တကို ဒုန်းစိုင်းနှင်ရင်း ကျွန်မ . . . မိဘကျေးဇူးကိုလည်းဆပ်နိုင်သူဖြစ်ချင်ပါသေးသည်။ တောကအိမ်လေးကိုပြန်ပြီး မေမေတို့နှင့်နေဖို့ ဆိုသည်မှာလည်း ထိတ်လန့်စရာ ဖြေရှင်းချက်တစ်ခု ဖြစ်နေပါသေးသည်။ ကျွန်မ . . . အိမ်ပြန်သင့်ပါသည်။
ပလက်ဖောင်းတွေ လျှောက်ရင်း
နောက်ပြန်လှည့်လို့ မရတော့တဲ့အဆုံးမှာ
အဲဒီ Rocket ကြီးကိုတော့ ပစ်ခဲ့ဖူးချင်တယ် မေမေ။
အခုတလောတွင် မကြာခဏနားထောင်ဖြစ်သည်မှာ Adele ၏ Chasing Pavements သီချင်းလေးဖြစ်ပါသည်။ "Should I give up or should I just keep chasing pavements even if it leads nowhere" ဆိုသည့်အပိုဒ်သည် ကျွန်မ နေ့စွဲများတွင် တရစ်ဝဲ၀ဲ ညည်းမိနေဆဲဖြစ်ပါသည်။ ဘယ်လိုမှ အသစ်ကျပ်ချွတ်ဖြစ်မလာနိုင်သော နိစ္စဓူဝများနောက်ကို ဖတ်ဖတ်မောပြေးလိုက်ရင်း နေ့အသစ်များကို ပွေ့ဖက်ချင်ပါသည်။ စိန်ခေါ်မှုအသစ်များကို လက်တွဲရုန်းကန်ပစ်ချင်ပါသည်။ မည်သို့မျှ မဖြစ်နိုင်လျှင်တော့ ရောင်စုံမီးခိုးတန်းများနှင့် ဝေ့လွင့်လှပသွားမည့် အပျော်တမ်း Rocket ကြီးတစ်ခုလောက်ကို ကျွန်မပခုံးနှင့်ထမ်းပြီး ပစ်ဖောက်ချင်မိပါသည်။ ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် Rocket Festival တစ်ခုပြုလုပ်နေပါသည်။ တစ်စုံတစ်ယောက်နှင့် Rocket ကြီးကို ပစ်ဖောက်ခွင့်ရပါလျှင် . . . .
ဇာတ်သိမ်းခန်းကျမှ
ကိုယ်ယုံကြည်ခဲ့တဲ့ ကျမ်းကြီးကလည်း
စာလုံးပေါင်းတွေ မှားသတဲ့။
အရင်ကဆိုလျှင် ကျွန်မသည် ဦးသန့်ကို အလွန်အားကျပါသည်။ သူ့လိုဖြစ်ချင်သည်။ သူ့လိုဖြစ်ရမည် စသည်စသည်ဖြင့် စိတ်ကူးများနှင့် အလွန်ရူးခဲ့ဖူးပါသည်။ တစ်နေ့က သူ့အကြောင်းကို သေသေချာချာ ဖတ်ခွင့်ရပါသည်။ ထိုစာအုပ် မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ . . . ဦးသန့်ကို အရင်လိုအားကျဖို့ ကျွန်မတွေဝေသွားပါသည်။ ကျွန်မ အားမကျသောကြောင့် ဦးသန့်သိက္ခာမကျသလို၊ ကျွန်မ အားကျသောကြောင့် ဦးသန့်သိက္ခာမတက်ပါ။ ဘာမှမဆိုင်ပါ။ ကြည်ညိုသူတစ်ဦးလျော့သောကြောင့် ကျွန်မ ပင်ပန်းခြင်းမှ သက်သာသည်ကတော့ သေချာပါသည်။ သူရဲကောင်းတစ်ဦး မဖြစ်လျှင် နေပါစေ . . . ရုပ်သေးရုပ်တစ်ရုပ်တော့ဖြင့် ကျွန်မ မဖြစ်လိုသည်မှာ သေချာပါသည်။ ဘာရယ်မဟုတ်ဘဲနှင့် ဦးနုအား ကျွန်မ ဦးညွတ်ခဲ့ပါသည်။ ပုံပြင်များအား သုံးဖက်မြင်တတ်ရန် အရေးကြီးကြောင်း ကျွန်မ သင်ခန်းစာ ကောင်းကောင်းရခဲ့ပါသည်။
ဘာလိုလိုနဲ့
ဒီနေ့ဆို ... သူရဲခြောက်တဲ့ညတောင်
ရက်ပေါင်း ၇၀၀ ကျော်ပြီ။
ကျွန်မအတွက် ကြောက်စရာအကောင်းဆုံးအရာသည် သူရဲဖြစ်ပါသည်။ သူရဲရှိသည်ဟု ကျွန်မယုံကြည်ပါသည်။ ထို့အတွက် ချက်နှင့်လက်နှင့် သက်သေပြရန် ကျွန်မတွင် အထောက်အထား ခိုင်ခိုင်လုံလုံမရှိပါ။ သူရဲတကယ်ရှိသည်၊ မရှိသည်ထက် သူရဲခြောက်သည်ဟု ကျွန်မသေသေချာချာခံစားမိသော အချိန်များသည် ဘယ်တော့မှ မေ့နိုင်မည်မဟုတ်သည့် ကျွန်မခံစားချက်အပိုင်းအစများဖြစ်ပါသည်။ ထိုသို့ သူရဲခြောက်ခံခဲ့ရသော (သို့) သူရဲခြောက်ခံရသည်ဟု ယုံကြည်မိသောနေ့တချို့တွင် ကျွန်မဘ၀၏ အမှတ်တရများလည်း ခိုအောင်းနေပါသည်။ အမှတ်အရဆုံး ဖြစ်နေမည့် သူရဲခြောက်သောနေ့သည် ယခုလဆိုလျှင် နှစ်နှစ်ပြည့်တော့မည် . . .။
မီးပွားလေး တငွေ့ငွေ့နဲ့
ဆေးလိပ်သာဆို
ကိုယ့်အသက်လည်း အတော်လေး တိုနေရှာရော့မယ်။
ဘိုဆန်ဆန်ပြောရမည်ဆိုလျှင်ဖြင့် ဆေးလိပ်နှင့်ဘ၀ တင်စားဖော်ပြချက်သည် မိန်မွဲနေသည့် Cliché တစ်ခုမျှသာဖြစ်ပါသည်။ ကိုကိုမမ များလည်း မကြာခဏ ရေရွတ်ခဲ့ကြပြီးဖြစ်ပါသည်။ မီးစတန်းလန်းဘ၀ ဘယ်လောက်များ လောင်ကျွမ်းစရာ ကျန်သေးပါသလဲ။ ပြာတိုပြာစများအား တစ်လွှာချင်း ခြွေချရင်း ကျွန်မဘ၀သည် ထပ်မံလောင်ကျွမ်းခံရနိုင်ချိန် နည်းပါးလာခဲ့ပြီ ဖြစ်ပါသည်။
စိတ်မဝင်စားနဲ့ ချစ်သူ ...
ဒီအထုတ်ကို ဖြည်ကြည့်လည်း
မှင်ရည်မွဲမွဲ ဒိုင်ယာရီတွေပဲ ရှိမယ်။
ကျွန်မတွင် သေသေချာချာ ထုပ်ပိုးသိမ်းဆည်းထားသော အထုတ်တစ်ထုတ်ရှိပါသည်။ ၄င်းအထုတ်လေးထဲတွင် မလွှင့်ပစ်ရက်သောကြောင့် နှစ်ပေါင်းများစွာ သိမ်းဆည်းလာခဲ့သည့် ကျွန်မ၏ ဒိုင်ယာရီစာအုပ်လေးများ ရှိပါသည်။ နှစ်သက်မိသော စာတိုပေစများ၊ မုန်းတီးခြင်း သ၀န်လွှာများ၊ ချစ်ခြင်းဖွဲ့ တိုစိစိ စာပိုဒ်လေးများ၊ အမှတ်တရ နေ့စွဲများ . . . စသည် စသည် . . . ။ စိတ်ဝင်စားစရာမကောင်းသော ထိုဒိုင်ယာရီအဟောင်းအစုတ်လေးများကိုလည်း ကျွန်မ မလွှင့်ပစ်ရက်သေးပါလေ။
ကိုယ့်အတွက်တော့
နောက်တစ်ခါ ရှူရမယ့်လေကလည်း
အတော်လေး ဂွကျ ရွတ်တွနေပါတော့တယ်။              ။
နောက်ဖက်သို့ ပြန်မလှည့်မည့်ခရီးတွင် နုပျိုခြင်းများကိုလည်း မတမ်းတလိုပါ။ အသက်ရှူသွင်းနေသော်လည်း အသက်ရှင်မှန်းမေ့နေသည့်နေ့စွဲများ။ မည်သို့ပင်ဖြစ်စေ ကျွန်မ ခရီးဆက်နေရပါဦးမည်။ မှတ်မိပါသေးသည်။ သူငယ်ချင်းတစ်ယောက်ကတော့ဖြင့် "I feel so old my friend, so old" ဟု ဘိုဆန်ဆန်ညည်းပါသည်။ ကျွန်မပြုံးမိပါသည်။ ထိုသို့ဖြင့် ကျွန်မတို့ အိုမင်းသော နေ့စွဲများဆီသို့ လှမ်းရွေ့နေကြပါဦးမည်။                 ။
BS
23 May 2011
Thursday, May 19, 2011
နှစ်အဟောင်းနှင့် ပတ်ပတ်လည်
ကိုယ်စောင့်နတ် ပျောက်တဲ့နေ့မို့
မျက်နှာ မသစ်ခဲ့ရဘူး ချစ်သူ။
မေမေသိရင် ကိုယ့်ကို ဆူဦးမယ်။
ထင်တာထက် မြန်မြန်လည်နေတဲ့ဘဝ။
သူတို့တတွေကလည်းပြောကြတယ်
အိမ်ပြန်တော့ အချိန်အတော်လင့်နေပြီ ... တဲ့။
ပလက်ဖောင်းတွေ လျှောက်ရင်း
နောက်ပြန်လှည့်လို့ မရတော့တဲ့အဆုံးမှာ
အဲဒီ Rocket ကြီးကိုတော့ ပစ်ခဲ့ဖူးချင်တယ် မေမေ။
ဇာတ်သိမ်းခန်းကျမှ
ကိုယ်ယုံကြည်ခဲ့တဲ့ ကျမ်းကြီးကလည်း
စာလုံးပေါင်းတွေ မှားသတဲ့။
ဘာလိုလိုနဲ့
ဒီနေ့ဆို ... သူရဲခြောက်တဲ့ညတောင်
ရက်ပေါင်း ၇၀၀ ကျော်ပြီ။
မီးပွားလေး တငွေ့ငွေ့နဲ့
ဆေးလိပ်သာဆို
ကိုယ့်အသက်လည်း အတော်လေး တိုနေရှာရော့မယ်။
စိတ်မဝင်စားနဲ့ ချစ်သူ ...
ဒီအထုတ်ကို ဖြည်ကြည့်လည်း
မှင်ရည်မွဲမွဲ ဒိုင်ယာရီတွေပဲ ရှိမယ်။
ကိုယ့်အတွက်တော့
နောက်တစ်ခါ ရှူရမယ့်လေကလည်း
အတော်လေး ဂွကျ ရွတ်တွနေပါတော့တယ်။              ။
BS
19 May 2011
7:45 PM, Ygn
Wednesday, April 20, 2011
ဒီအရပ်နဲ့ ဒီဇာတ်
ဘုရားပေးတဲ့ ဆုရ၏။
သို့ပေမယ့် နှစ်သိမ့်ဆုကြီး ဖြစ်နေလေရဲ့ . . .
ပြသနာက ဒီမှာတင် စပါတယ်။
တစ်ဝက် ပျော်ပြီး
တစ်ဝက်ကတော့ ကွက်လပ် . . . ။
ချ လွင် ချ လွင် ခွက် . . .
ပုဂံ ကခြေသည်တွေ နေတဲ့အရပ်။
ပတ္တလားသံငွေ့ငွေ့မှာမှ အိပ်မွေ့ကျ . . .
ဘီလူးနက္ခတ်မှာ ကရတဲ့ဇာတ်မို့
သွေးထွက်သံယိုများသလေ့။
သူလည်းမကောင်း။
ကျုပ်လည်းမကောင်း။
တစ်ယောက်နဲ့တစ်ယောက် လွှဲချ
ဆုမရတာပဲ ကောင်းသလား . . .
သေသေချာချာတွေးမှ ယုတ္တိမြုံနေတဲ့ရပ်ကွက်ဖြစ်မှန်းသိရဲ့။
BS
20 April 2011
Yangon
Thursday, April 7, 2011
စာလွှာပါးလိုက်တယ် ချစ်သူ။
ချစ်သူရေ . . .
ငုတွေ ပွင့်နေပြီ . . .
သူလိုလို ကိုယ်လိုလိုလုပ်တတ်တဲ့ ငုနဲ့ ပိတောက်ကို ကိုယ်အခုထိ လွဲလို့ကောင်းနေတုန်းပဲ။
ကိုယ့်မွေးနေ့မရောက်ခင် ပွင့်သွားလိုက်ကြတဲ့ ပိတောက်တွေဟာ . . .
တကယ်တော့လည်း ဘာမှမဆိုင်ပါဘူး။
ကြားမိသေးလား . . . တနေ့က ကိုယ်ဟာမျောက်တစ်ကောင် ဖြစ်သွားလို့တဲ့။
သေတ္တာထဲက ခေါင်းထွက်နေတဲ့ မျောက်တစ်ကောင်ပေါ့။
ပွဲတော်ကြီးမှာ ကလယ်ကလယ်ဖြစ်လို့ . . .
ကိုယ့်ဦးနှောက်ကို ဇွန်းနဲ့ တစ်ဇွန်းချင်း ခပ်စားနေကြလေရဲ့။
ခက်တော့ ခက်သား . . .
မနက်ဖြန်အတွက် မွှေးရမယ့်မီးက ကိုယ့်ဘ၀နဲ့ ထင်းဆိုက်မှ လောင်မယ်တဲ့လေ။ ယပ်ခပ်သူတွေ အေးချမ်းစေ။
အရူးတစ်ယောက်မို့လို့ အမဲသားမစားဘူး . . . ဘာဖြစ်လဲ။
တကယ် ရုပ်ဆိုးလို့ စုန်းယိုးကြတာ . . . နေပလေ့စေ။
ချော်လဲတယ်ပဲပြောပြော . . . ထိုင်ချလိုက်တယ်ပဲဆိုဆို
ကိုယ်ကတော့ ကိုယ်ဖြစ်နေဦးမယ် ချစ်သူ။
ငိုချင်တဲ့အချိန်မှာ ငိုနိုင်တဲ့သူတွေကို ကိုယ်မနာလိုဘူး . . .
တချို့ကလည်းပြောပြကြပါတယ်
အလယ်အလတ်လမ်းမှာတော့ မတ်မတ်ကြီး အစွန်းထွက်မနေနဲ့ . . . တဲ့လေ။
ဒီလိုတော့လည်း ဟုတ်သား။
အဲဒီ ယုံကြည်ချက်ဆိုတဲ့ကောင်တွေကို ခြေစုန်ကန်ပစ်ခဲ့။
တစ်ဂိုး နှစ်ဂိုး . . .
ကဲ . . . ဘယ်လိုမနက်ခင်းမျိုးကိုမှ ဗျို့ဟစ်ပြီး မနှိုးတော့ဘူး။
ချစ်သူရယ်
တကယ်တမ်းကျတော့လည်း ဘ၀ဆိုတာက အဖြူနဲ့အမည်း မသဲကွဲတဲ့ လမ်းကြီးရယ်ပါ။
နေရထိုင်ရတာ မွဲတဲတဲ။ စားရသောက်ရတာလည်း သဲတကျိကျိနဲ့။
တစ်ခါတစ်လေများ အသက်ဆိုတဲ့ဟာကို ဖက်ကြီးနဲ့ ထုတ်ထားရသေးတယ်။
ကိုယ် တ ကယ် မ ပျော် ဘူး ချစ် သူ . . .
ရင်ဘတ်ထဲက ဒဏ်ရာတွေ မကျက်သေးတဲ့အချိန်မို့ ကိုယ့်စကားတွေက မီးခိုးအရမ်းအူတယ်။
စိတ်ကူးတွေက ညှော်စော်နံတယ်။
ခြေလှမ်းတိုင်းမှာ လူပီသခြင်းတွေ တစ်ဖဲ့ပြီးတစ်ဖဲ့ ပဲ့ကြွေ။
ယဉ်ကျေးမှုတွေနဲ့ မူးမူးရူးရူး အော်ဆဲ . . .
ဒီရင်ထဲကို သဲနဲ့သာ ကျုံးပက်လိုက်ပါတော့ ချစ်သူ။
အဖေကတော့ ကိုယ့်ကို ပြောတယ် . . . နတ်အိုးကွဲကြီး . . . တဲ့။
နတ်စင်ပေါ်ထားမရ၊ သေးအိုးလည်းလုပ်မရနဲ့ အသုံးမကျတဲ့ နတ်အိုးကွဲကြီးတဲ့။
ထားပါတော့
တစ်ခါတစ်လေတော့လည်း ကိုယ့်သူငယ်ချင်းတစ်ယောက်ရဲ့ ခုတင်ခေါင်းရင်းက ဆေးခြောက်လိပ်လေးကို လွမ်းတယ် . . .
ဘုရားမှာ အခိုးခံခဲ့ရတဲ့ ကိုယ့်ဖိနပ်အပြာလေးကို လွမ်းတယ် . . .
ဒါပေမယ့်လည်း ချစ်သူရယ် . . .
ကိုယ်ဆိုတဲ့သူကလည်း ပေးပြီးသားဆိုရင် နှလုံးသားကိုတောင်မှ ပြန်မလိုချင်တဲ့သူမို့ . . . လွမ်းတယ်။ အများကြီး လွမ်းတယ်။
ဒါပါပဲချစ်သူ။
ဒီနေ့ဆိုတဲ့ဟာတွေက ကောင်းကိုမကောင်းဘူး။
ကံဆိုတဲ့ငတ ကိုယ်နဲ့ သဟဇာတကို မဖြစ်ဘူးကွယ်။
ဒီမျက်နှာကို ဘယ်ခြုံမှာ သွားဖွက်ထားရပါ့မလဲ။
ဒါပါပဲချစ်သူ။
BS
7th April 2011
Yangon
Saturday, February 19, 2011
ဘ၀ အင်နားရှား
ပြေးတယ် . . . မရွေ့ဘူး
ရပ်တယ် . . . မငြိမ်ဘူး
ငါ့ဘ၀က စိတ်မချရတော့ဘူး ချစ်သူ။
BS
Thursday, January 6, 2011
အနုမြူယှက်သော အတွေးများ
တော်တော် အသုံးမကျတဲ့ ဖူးစာရေးနတ်
အနုမြူခေတ်ကြီးရောက်တာတောင်
သေနတ်မကိုင်တတ်သေးဘူး။
လွှင့်ပစ်လိုက် နင့်ရဲ့လေးနဲ့မြားတွေ
မဆိုင်သူတွေ ကောက်ယူပြီး
ထင်းဆိုက်ပလေ့စေ။
ဗီးနပ်စ်မရေ . . .
နင်ကလည်း လက်အတုလေးဘာလေး တပ်တော့လေဟာ
စက်ရုပ်တွေကဖြင့် စစ်ကြေငြာကြတော့မယ်။
ဘာဖြစ်သေးလဲ
အနုမြူခေတ်ကြီးကိုအကြောင်းပြ
တို့တတွေ လူသားဆန်ဆန် မိုက်ရိုင်းလိုက်ကြရအောင်။
ပေါင်မုန့်လေးတစ်ဖဲ့နှစ်ဖဲ့အတွက်
အဲဒီလောက်ထိ ရဲရင့်ပြမနေနဲ့ ငါ့ရဲ့ပိုးဟတ်ရေ . . .
ဦးနှောက်တစ်တောစာလုံး ငတ်ခဲ့ရတဲ့သူပါ။
Sisyphus လို နိစ္စဓူဝဆိုပေမယ့်လည်း
မငြီးငွေ့ရဲပါဘူး . . .
တို့တတွေမှာ Ipod တပ်ထားတယ်လေကွယ်။              ။
BS
7:44 pm
6 Jan 2011
Ygn