Thursday, June 30, 2011
ချစ်သူဟု ခေါ်ပါသည်။ (၆)
ဘုရားပွဲတွင် ဆင်လိမ္မာကို ကျွန်မနှင့် အတူတူစီးချင်သည်ဟု ဆိုသည်။ ကျွန်မ အားရပါးရ ရယ်မိပါသည်။ ချစ်သူကလည်း အူကြောင်ကြောင်နှင့် လိုက်ရယ်ပါသည်။ ကျွန်မကလည်း ရူးပါသည်။ ချွန်းနှင့်ပေါက်မှ သွားမည်ဆိုပါက မင်္ဂလာ ဆင်ဖြူတော်ပင်ဖြစ်စေဦးတော့ ... မစီးလိုပါ။ ထိုသို့ဖြင့် ´´ကျွန်မ တော်တော် ကြောင်ပါတယ်´´ ဟူသော ကျွန်မ၏အဆိုကို ချစ်သူက အပြည့်အ၀ ထောက်ခံပါသည်။
ပတ္တလားသည်လည်း နံရံထက်တွင် ဒက်ဆီဘယ်လ် ခပ်နိမ့်နိမ့်ဖြင့် ပြုံးစစ လုပ်နေပါသည်။ တခါတရံ အနုပညာသည် အဏုမြူထက် အဆပေါင်းများစွာ ပြင်းထန်သည်ဟု ထင်မိပါသည်။ ဘာမှတော့ဖြင့် မဆိုင်ပါလေ။ သို့သော် ချစ်သူ၏ အနုပညာတွင် ကျွန်မတစ်ယောက် ရောင်စုံအမှုန်များအဖြစ် ကြိမ်ဖန်များစွာ လွင့်လျား ပျောက်ကွယ်ခဲ့ပါသည်။
သက်တံ့တစ်စုံ ဦးညွတ်သည့်နေ့ဖြစ်သောကြောင့် မိုးသည်လည်း အနည်းငယ် ဖွဲလေသည်။ ကတိများဖြင့် မချည်လိုပါ။ အချည်နှောင်လည်း မခံလိုပါ။ ထို့ကြောင့် ချစ်သူနှင့် ကျွန်မ မျဉ်းပြိုင်များအဖြစ် တစ်လမ်းစီသွားကြပါမည်။ တစ်ယောက်တစ်လမ်းစီ သွားကြပါမည်။ ကုသိုလ် ဆီမီးနံ့သာများကြောင့် ကျွန်မတို့နှစ်ယောက် ပြန်ဆုံကြပါလိမ့်ဦးမည်။ ထိုသို့ ယုံကြည်မိပါသည်။
မကြာမီတွင် ၀ါဝင်တော့မည် ဖြစ်သောကြောင့် ကျွန်မသည်လည်း တရားအားထုတ်ကာ ဘုရားကို ဂျီကျလိုက်ပါဦးမည်။ ရှင်တော် အာနန္ဒာ ရှိလျှင်ဖြင့် ကျွန်မကို ကိုယ်ချင်းစာမည်ဟု ထင်မိပါတော့သတည်း။ ။
BS
18 June 2011
Wednesday, June 8, 2011
Carpe diem!!
here, infatuations come and go ~ ~ ~
Carpe diem!!
Staying stupid
let broken faith take my shadow back ~ ~ ~
Carpe diem!!
Smash this hope
don't screw me by telling how calenders peeled ~ ~ ~
Carpe diem!!
BS
8 June 2011 (7:45 PM)
Ygn
Tuesday, June 7, 2011
ချစ်သူဟုခေါ်ပါသည်။ (၅)
ကိုယ်သူ့ကို စတွေ့တော့ သူက အိမ်လေးတစ်လုံး ဆောက်နေတယ်။ ကြံရည်သောက်တဲ့ ရောင်စုံပိုက်တွေသုံးပြီး အိမ်လေးတစ်လုံးဆောက်နေတာပေါ့။ အိမ်လေးရဲ့ရှေ့မှာ ပန်းရောင်တြိဂံပုံ အလံလေးကို စိုက်လိုက်သေးတယ်။ အိမ်လေးကို ခြံဝင်းမခတ်ဘူး။ ပြီးတော့ အိမ်လေးတစ်ဝိုက်မှာ သကြားပွင့်တွေ ဖြူးတယ်။ ချောကလက်လုံးလေးတွေ ကြဲတယ်။ ရောင်စုံကြား ချိုချဉ်လေးတွေလည်း ဖြန့်ကျဲထားလိုက်သေးတယ်။ မကြာပါဘူး။ ပုရွက်ဆိတ်တွေ သူ့ထက်ငါ အလုအယက် အဲဒီအိမ်လေးဖက်ကို ချီတက်လာကြတယ်။ ပုရွက်ဆိတ်တွေ တော်တော် အုံခဲလာတော့ သူက ခွေးခြေခုံပုလေးယူထိုင်ပြီး ပုံပြင်စာအုပ်ကို ဖွင့်ဖတ်ပြတော့တာပဲ။ သူ့အသံက နိမ့်လိုက် မြင့်လိုက်နဲ့ ပုံပြင်အသွားမှာ လွင့်နေလိုက်ပုံများ . . . သူမို့လို့ မမောနိုင်မပန်းနိုင်။ သြော် မေ့သွားလို့။ အဲဒီအိမ်လေးကို သူက "ကျောင်း" လို့ နာမည်ပေးထားတယ်။ ကိုယ်လေ . . . သူ့ကို ချစ်လိုက်တာ။ ။
BS
7 June 2011 (8:40 PM)
Yangon
ကိုယ့်သူငယ်ချင်းတစ်ယောက် ပြောပြတဲ့ အနုပညာပြပွဲလေးအကြောင်းကို ပြန်ခံစားပြီးရေးထားတာပါ။
Monday, June 6, 2011
နေရာလွဲ
ငါတို့နင်းမယ့် မြက်ခင်းနုနုမှာမှ
ဒီခွေးလေ ခွေးလွင့်တွေက
ဖန်တရာတေအောင် လွမ်းခဲ့ကြသတဲ့။
သစ္စာမရှိတဲ့ ဓား
ပေါက်လွှတ်ပဲစား ကတိစကား
နျူကလီးယားသင့်သွားတဲ့ နွား
သေချာတယ် . . . နင်နဲ့ငါ မမှားခဲ့ကြဘူး။
အင်္ဂုလိမာလ နဲ့ အဇာတသတ်
ချစ်သူရေ . . . တွေးကြည့်ပါကွယ်
ဒီသံသရာကြီးမှာ
သူတို့လို နာခံတတ်တဲ့ တပည့်တွေ မရှိသင့်ပေဘူးလား။ ။
BS
Thursday, June 2, 2011
လမ်းနှင့်အပြန်
နှလုံးသားကို ဦးညွတ်နေချိန်တွင် အချိန်လေယာဉ်ကြီး ပျက်ကျခဲ့လေ၏။
မီးခိုးငွေ့များဖြင့် မည်းချိတ်နေသော သူ့မျက်နှာပေါ်သို့ အတိတ်အက်အက်တို့ ပရမ်းပတာ ရိုက်ခတ် . . .
အဆင်းနှင့်အချင်းသည်လည်း မီးလျှံဝေဝေဝါးဝါးများအောက်တွင် လွန့်လွန့်လူးလူး . . .
သူ့မှော်ရိုက်ချက်များဖြင့် ယုတ္တိတန်ခြင်းအား ထိတ်လန့်တကြားကျိန်ဆဲ . . .
မည်သို့ပင်ဖြစ်စေ သူ့ခြေလှမ်းတလျှောက် ရောင်စုံကြယ်စင်များကြွေနေပါလိမ့်ဦးမည်။
အညစ်အကြေးအထပ်ထပ်နှင့် အတ္တတစ်ပိုင်း စိတ္တဇအရောင်အောက်မှာ မိုက်မဲရိုင်းစိုင်း . . .
ထိုစိတ္တဇအရောင်များတွင်မှ သူ့အပေါ်ကျနေသော အလင်းသည် သိမ်မွေ့ ဝပ်တွား ပါးလျှ နူးညံ့။
ကျောင်းတော်ကြီးအားလည်း မော်ဖူးပါလေ . . .
နေဝင်ငှက်များအားလည်း ပျံသန်းနိုင်သည့် အနမ်းဖြင့် နှုတ်ဆက်ပါလေ . . .
အိပ်မက်နတ်သားတို့အား ဓာတ်ကြိုးများဖြင့် အထပ်ထပ်ရစ်ပတ်ပါလေ . . .
ညနှင့်နီးသဖြင့် အရိပ်တို့သည်လည်း စိုထိုင်းအေးစက်ကာ ယိုင်ထိုးယိုင်ထိုးဖြစ်လာ၏။
ထိုသို့ဖြင့် အိမ်အပြန်လမ်းကို သူရှာတွေ့နိုင်ပါလိမ့်မည်။
BS
6:30 PM
2nd June 2011
Yangon