Wednesday, July 27, 2011

အက်ကြောင်း

ဂစ်တာမွဲမွဲကြီးရဲ့ရင်ခွင်မို့
တစ်ကြိုးပြီးမှ နောက်တစ်ကြိုးမြည်တယ်

အာလေးလျှာလေးနဲ့ သူခြွေတဲ့တေး
ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ . . .

မိုးအုံ့တဲ့တစ်ရက်မှာ
မြွေနှစ်ကောင် ခွေပတ်နေတာတွေ့လို့
မနာအောင် သတ်
ဆီပြန်လေးချက်စားခဲ့သတဲ့။

ဘိန်းစားမို့
ကားမမူးရဘူးလို့
ဘယ်သကောင့်သား ပြောသလဲ

ဖြစ်တည်သမျှကို မီးခိုးငွေ့ကမြို
ဒီတစ်မိုးကလည်း ခိုလို့မလုံတော့ဘူးလေ။            ။


BS
8th July 2011
Dumgung Village

Tuesday, July 26, 2011

မြက်နှစ်ပုံ

... တစ်ခါတုန်းက လူနှစ်ယောက်က မြက်တစ်ပုံစီကို ထမ်းပြီး ခရီးသွားကြသတဲ့။ တစ်နေရာရောက်တော့ ၀ါဂွမ်းပုံ နှစ်ပုံကို တွေ့သတဲ့။ ခရီးသွားတစ်ယောက်က ထမ်းလာတဲ့ မြက်ပုံကို ထားပစ်ခဲ့ပြီး ၀ါဂွမ်းကို ပြောင်းထမ်းသွားပါသတဲ့။ တန်ဖိုးကလည်း ကွာသကိုး။ နောက်တစ်ယောက်ကတော့ ´´ဒီနေရာထိတောင် ထမ်းလာခဲ့ရတဲ့ မြက်ပုံကို မထားခဲ့နိုင်ပါဘူး။´´ ဆိုပြီး မြက်ပုံကိုပဲ ဆက်ထမ်းသွားပါသတဲ့။ တော်တော်လေးသွားမိပြန်တော့ သိုးမွေးပုံ နှစ်ပုံကို တွေ့ပြန်ရော။ ၀ါဂွမ်းထမ်းထားတဲ့ ခရီးသွားကတော့ သိုးမွေးကိုသယ်ခဲ့ပါတယ်။ ပိုတန်ဖိုးကြီးတယ်လေ။ ဒါပေမယ့် နောက်ခရီးသွားကတော့ ´´၀ါဂွမ်းနဲ့တောင် မလဲခဲ့တဲ့ ဒီမြက်ပုံကို ဘာလို့ သိုးမွေးနဲ့ လဲရမှာလဲ´´ ဆိုပြီး မြက်ကိုပဲ ဆက်ထမ်းသွားပါသတဲ့။ ...

ကိုတာရဲ့ ´ဖြန့်ထွက်တွေးခြင်းနှင့် အခြားစာတမ်းများ´ စာအုပ်မှာ ဆရာပါရဂူရေးပေးထားတဲ့ အမှာစာထဲက ပုံပြင်လေးပါ။ ကိုယ့်ကို တော်တော်လေး ငေါင်သွားစေပါတယ်။ ပိုပြီး တန်ဖိုးရှိတဲ့ ၀ါဂွမ်းတွေ၊ သိုးမွေးတွေ ဘယ်လောက် ချန်ရစ်၊ ကျန်ရစ် ခဲ့ပြီလဲ။ သံယောဇဉ်ရဲ့ မမြင်နိုင်တဲ့ ကုန်ကျစရိတ်ပဲဖြစ်ဖြစ်၊ အပျင်းထူခြင်းရဲ့ ဆင်ခြေလို့ပဲဆိုဆို လက်လွတ်ခဲ့တဲ့ အခြေအနေတွေ ဘယ်လောက်များခဲ့သလဲ။

မြက်ပုံကို မပစ်နိုင်တာထက် မြက်လောက်တန်ဖိုးရှိတာကို မတွေ့လို့များလား။ ဒါမှမဟုတ် ပိုတန်ဖိုးရှိပေမယ့် မနိုင်ဝန်ဖြစ်နေမယ့် အရာတွေမို့လို့လား . . . ဆိုကြပါစို့။ ကိုယ်ထမ်းလာခဲ့တဲ့ မြက်ပုံက လူတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် . . . . . ပိုတန်ဖိုးရှိတာကို တွေ့တဲ့အခါ သူနဲ့ လဲပစ်လိုက်ရမှာလား။ ဖြန့်တွေးကြည့်တာပါ။ စာအုပ်နာမည်ကိုက ´ဖြန့်ထွက်တွေးခြင်း´လို့ ဆိုတာကိုး။

အဲဒီစာအုပ်ထဲကပဲ အရမ်းသဘောကျမိတာလေးရှိပါသေးတယ်။ လူတွေက သူတို့ လုပ်နေကျ ကိုင်နေကျ၊ သွားနေကျ လာနေကျ ပုံစံမှာ သိပ်အဆင်ပြေနေရင်လည်း ဖောက်ထွက်ဖို့၊ ဖြာထွက်ဖို့၊ ဖြန့်ကျက်ထွက်ဖို့ အားမစိုက်ကြတော့ဘူးတဲ့။ ဘ၀က အဲလောက်လွယ်ကူနေလို့များလား . . . မဟုတ်သေးပါဘူး။

နောက်တစ်ခု ကိုယ်သဘောကျတာလေး ရှိသေးတယ်။ "Delusion of learning from experience" တဲ့။ အတွေ့အကြုံရနေတိုင်းလည်း ပညာရနေတာ ဟုတ်ချင်မှဟုတ်မှာတဲ့။ တခါတလေ ကိုယ်တို့တတွေက ရသေ့စိတ်ဖြေလေးနဲ့ နေတတ်ကြပါတယ်။ သြော် ... ပညာမရပေမယ့် အတွေ့အကြုံတွေရနေသားပဲ ဆိုပြီးတော့လေ။ အကောင်းဖက်ကနေ တွေးတာပါ ဆိုတဲ့စကားကိုက ဘက်လိုက်တဲ့ စကားကြီးပါ။ အမှန်တရားမဟုတ်သေးပါဘူး။

ဒီတော့ ကိုယ်တို့တတွေ ပခုံးပေါ်က မြက်ပုံတွေကို ပြန်ကြည့်ကြရအောင်လေ။ တန်ဖိုးဖြတ်တာ မဟုတ်ပေမယ့် အဖိုးတန်ရဲ့လားဆိုတာ တွက်မယ်။ သွားရင်း လာရင်းနဲ့ ပိုတန်ဖိုးရှိမယ့် အရာလေးတွေကို ရှာမယ်။ ခွေးချေးပုံ၊ နောက်ချေးပုံတွေကိုလည်း ရှောင်ရင်း ရှားရင်း ကျော်ရင်း လွှားရင်း ကိုယ်တို့တတွေ စိတ်ကို ဖွင့်ထားကြစို့။


B.S
10 July 2011
Myitkyina

Monday, July 4, 2011

တောင်တောင် အီအီ ကြောင်ပါသည်။

မြက်ခင်း နုနု စိမ်းစိမ်းလေးပေါ်မှာ လျှောက်ပြေးကြရအောင်။ ဖိနပ်တွေ ချွတ်ထားခဲ့။

လက်တစ်ကမ်းနဲ့ မှီနိုင်တဲ့ သစ်သီးတွေ ရှိမယ်။

နတ်ကောင်းနတ်မြတ်တွေရဲ့ ရောင်စုံကြယ်ကြွေတွေ ရှိမယ်။

ကိုယ်ချစ်တဲ့ နဂါးတို့ရဲ့နေ့ဖြစ်တယ်။

ကိုယ်တို့နှစ်ယောက်ကို ဘောင်ခတ်ထားရက်လိုက်ပုံများ... အုတ်နီချပ်တွေ စီစီရီရီ။

ကျောင်းတော်ကြီးရဲ့ သင်ခန်းစာက ဆူးတွေကို ပွားစေခဲ့သလား။

ရုပ်မြင်သံကြားတွေကပဲ ဖမ်းစားခဲ့လေသလား။

ဟိုးရှေးရှေးတုန်းကနဲ့ နောင်လာမယ့်နဲ့ကြားမှာ တို့တတွေ ခပ်ပိန်းပိန်း အငြင်းပွားကြမယ်။

မလောင်းနဲ့။ အဲဒီပွဲလည်း ရှုံးမှာပဲ။

ဆက်သာ က သူငယ်ချင်း... ပန်းစည်းကမ်းမယ့်သူ ရှိရှိ မရှိရှိ ကိုယ်ပျော်နေရင်ပြီးတာပဲ။

ဘာတဲ့လဲ။

မ၀ယ်သေးဘူး။

ဖေဖေကပြောတယ်... နိုင်ငံရေးကလွဲရင် ကြိုက်တာဝယ်စားတဲ့။

ကိုယ်သိတယ်။ သူတစ်ယောက်လည်း ၀ယ်စားမှာ မဟုတ်ဘူး။

ကိုယ်ကလည်း ညံ့ပါ့။ ပထ၀ီဆိုရင် တ၀ီဝီလည်နေတယ်ပဲမှတ်တာ။

တောင်နဲ့မြောက်တောင် အယောင်ယောင် အမှားမှား။

နည်းပညာလား။ မပြောနဲ့တော့။ ကိုယ်က အဖွားနဲ့ကို တူတာ။ ဘာတဲ့...ညည်းတို့ပြောတဲ့ ဂလိုဘယ်လိုင်ဇေးရှင်းက အယ်လ်ဇေးရှင်းလောက် ဟောင်သလား။ ဘိုသံတော့ မှန်မယ်ထင်ရဲ့။

သွားစမ်း... အဆံမပါတဲ့ လက်သီးလက်မောင်းတွေ။ တန်းနေလိုက်ကြတာ ကျီးကန်းများ အစာငမ်းသလို။ မျက်နှာဖုံးမပါဘဲ သတ္တိမရှိရဲတဲ့ အကောင်တွေ... ငါတို့က ဘာလို့ ယုံရမှာတုန်း။ အဝေးကြီးက ဟောနေတဲ့တရားမို့ ကြားရတာ နားကလောတယ်။ သတ္တိရှိရင် မျက်နှာဖုံးချွတ်ခဲ့။

အိုဘယ့် ဆေးရိုးသည်... ကန့်လန့်တိုက်လှည့်ပါဦးကွယ်... စိန်နဲ့ကျောက်ကုန်သည်တွေက ချဉ်စော်နံတယ်။ ငါရှိတယ်။ လာလှည့်။

အခုတလော ကော်ဖီခါးတွေ တအားသောက်ဖြစ်တယ်။ ချစ်သူပြောသလိုများ မည်းတူးသွားမလားလို့ ... ဟဲ ဟဲ ဟဲ ဟဲ... ။ ဟောဒီက အလွမ်းပူပူလေး ယူကြဦးမလား တော်တို့ရေ။

သြော်... မေ့တော့မလို့ ... နန်းကျဘုရင်တွေရယ်လေ။ ကိုယ့်အာရုံတွေကို ထိပ်တုံးခပ်ခပ်ထားတဲ့ အဲဒီ နန်းကျဘုရင်တွေ။ ရှုပ်နေလိုက်ကြပုံများ... ချာတူးလန်နေတဲ့ ပြဇာတ်အစုတ်အပြတ်တွေ။ အလကား။ ကိုယ့်ကဗျာတွေလို ... စကားလုံးတွေနဲ့ ဖောင်းကားပုပ်ပွ။ အဲဒီ နန်းကျဘုရင်တွေပေါ့။

ဒီနေ့ ကိုယ် မှန်ကြည့်တယ်... ရူးသွပ်မှု ခွေခွေလိပ်လိပ်လေးတွေကတော့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က အတိုင်းပဲ။ တကယ်ဆို ဦးနှောက်ကို ဗိုလ်ထားသင့်တာ။ မသိဘူးဗျို့။ ကိုယ်ကတော့ ချစ်တာတစ်ခုတည်း သိတယ်။ ဟဲ ဟဲ ဟဲ ဟဲ။

ဒီကြက်ကန်းက ဆန်အိုးကြီးနဲ့ တိုးချင်သေးတာ။ အို... ရှုပ်ပါတယ်...  ဆန်အိုးထဲ ပြုတ်ကျလိုက်... အေးရော။ သေသေချာချာ ပြန်စဉ်းစားတော့ ကြက်ကန်းမဖြစ်ချင်ပြန်ဘူး။ ဆင်ကန်းပဲ ဖြစ်တာ ပိုကောင်းမလား... တောတိုးရမှာဆိုတော့... အဟမ်း အဟမ်း။

ပြောပါတယ်... ကိုယ်က တော်တော်ကြောင်ပါတယ်လို့။            ။


BS
4:05 am
4th July 2011

Friday, July 1, 2011

Before the Dawn

Before the Dawn
 
Faint and dreamy light
did recite those lines
===> Aesthetic molecules may shower <===
===> Swaying tinges may flutter <===
While we were sheltering
In each other dreams
Before the dawn came.
 
B.S
1st July 2011