မြက်ခင်း နုနု စိမ်းစိမ်းလေးပေါ်မှာ လျှောက်ပြေးကြရအောင်။ ဖိနပ်တွေ ချွတ်ထားခဲ့။
လက်တစ်ကမ်းနဲ့ မှီနိုင်တဲ့ သစ်သီးတွေ ရှိမယ်။
နတ်ကောင်းနတ်မြတ်တွေရဲ့ ရောင်စုံကြယ်ကြွေတွေ ရှိမယ်။
ကိုယ်ချစ်တဲ့ နဂါးတို့ရဲ့နေ့ဖြစ်တယ်။
ကိုယ်တို့နှစ်ယောက်ကို ဘောင်ခတ်ထားရက်လိုက်ပုံများ... အုတ်နီချပ်တွေ စီစီရီရီ။
ကျောင်းတော်ကြီးရဲ့ သင်ခန်းစာက ဆူးတွေကို ပွားစေခဲ့သလား။
ရုပ်မြင်သံကြားတွေကပဲ ဖမ်းစားခဲ့လေသလား။
ဟိုးရှေးရှေးတုန်းကနဲ့ နောင်လာမယ့်နဲ့ကြားမှာ တို့တတွေ ခပ်ပိန်းပိန်း အငြင်းပွားကြမယ်။
မလောင်းနဲ့။ အဲဒီပွဲလည်း ရှုံးမှာပဲ။
ဆက်သာ က သူငယ်ချင်း... ပန်းစည်းကမ်းမယ့်သူ ရှိရှိ မရှိရှိ ကိုယ်ပျော်နေရင်ပြီးတာပဲ။
ဘာတဲ့လဲ။
မ၀ယ်သေးဘူး။
ဖေဖေကပြောတယ်... နိုင်ငံရေးကလွဲရင် ကြိုက်တာဝယ်စားတဲ့။
ကိုယ်သိတယ်။ သူတစ်ယောက်လည်း ၀ယ်စားမှာ မဟုတ်ဘူး။
ကိုယ်ကလည်း ညံ့ပါ့။ ပထ၀ီဆိုရင် တ၀ီဝီလည်နေတယ်ပဲမှတ်တာ။
တောင်နဲ့မြောက်တောင် အယောင်ယောင် အမှားမှား။
နည်းပညာလား။ မပြောနဲ့တော့။ ကိုယ်က အဖွားနဲ့ကို တူတာ။ ဘာတဲ့...ညည်းတို့ပြောတဲ့ ဂလိုဘယ်လိုင်ဇေးရှင်းက အယ်လ်ဇေးရှင်းလောက် ဟောင်သလား။ ဘိုသံတော့ မှန်မယ်ထင်ရဲ့။
သွားစမ်း... အဆံမပါတဲ့ လက်သီးလက်မောင်းတွေ။ တန်းနေလိုက်ကြတာ ကျီးကန်းများ အစာငမ်းသလို။ မျက်နှာဖုံးမပါဘဲ သတ္တိမရှိရဲတဲ့ အကောင်တွေ... ငါတို့က ဘာလို့ ယုံရမှာတုန်း။ အဝေးကြီးက ဟောနေတဲ့တရားမို့ ကြားရတာ နားကလောတယ်။ သတ္တိရှိရင် မျက်နှာဖုံးချွတ်ခဲ့။
အိုဘယ့် ဆေးရိုးသည်... ကန့်လန့်တိုက်လှည့်ပါဦးကွယ်... စိန်နဲ့ကျောက်ကုန်သည်တွေက ချဉ်စော်နံတယ်။ ငါရှိတယ်။ လာလှည့်။
အခုတလော ကော်ဖီခါးတွေ တအားသောက်ဖြစ်တယ်။ ချစ်သူပြောသလိုများ မည်းတူးသွားမလားလို့ ... ဟဲ ဟဲ ဟဲ ဟဲ... ။ ဟောဒီက အလွမ်းပူပူလေး ယူကြဦးမလား တော်တို့ရေ။
သြော်... မေ့တော့မလို့ ... နန်းကျဘုရင်တွေရယ်လေ။ ကိုယ့်အာရုံတွေကို ထိပ်တုံးခပ်ခပ်ထားတဲ့ အဲဒီ နန်းကျဘုရင်တွေ။ ရှုပ်နေလိုက်ကြပုံများ... ချာတူးလန်နေတဲ့ ပြဇာတ်အစုတ်အပြတ်တွေ။ အလကား။ ကိုယ့်ကဗျာတွေလို ... စကားလုံးတွေနဲ့ ဖောင်းကားပုပ်ပွ။ အဲဒီ နန်းကျဘုရင်တွေပေါ့။
ဒီနေ့ ကိုယ် မှန်ကြည့်တယ်... ရူးသွပ်မှု ခွေခွေလိပ်လိပ်လေးတွေကတော့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က အတိုင်းပဲ။ တကယ်ဆို ဦးနှောက်ကို ဗိုလ်ထားသင့်တာ။ မသိဘူးဗျို့။ ကိုယ်ကတော့ ချစ်တာတစ်ခုတည်း သိတယ်။ ဟဲ ဟဲ ဟဲ ဟဲ။
ဒီကြက်ကန်းက ဆန်အိုးကြီးနဲ့ တိုးချင်သေးတာ။ အို... ရှုပ်ပါတယ်... ဆန်အိုးထဲ ပြုတ်ကျလိုက်... အေးရော။ သေသေချာချာ ပြန်စဉ်းစားတော့ ကြက်ကန်းမဖြစ်ချင်ပြန်ဘူး။ ဆင်ကန်းပဲ ဖြစ်တာ ပိုကောင်းမလား... တောတိုးရမှာဆိုတော့... အဟမ်း အဟမ်း။
ပြောပါတယ်... ကိုယ်က တော်တော်ကြောင်ပါတယ်လို့။ ။
BS
4:05 am
4th July 2011

Love it so much, sis :)
ReplyDeleteThank you very much bro :)
ReplyDelete