... တစ်ခါတုန်းက လူနှစ်ယောက်က မြက်တစ်ပုံစီကို ထမ်းပြီး ခရီးသွားကြသတဲ့။ တစ်နေရာရောက်တော့ ၀ါဂွမ်းပုံ နှစ်ပုံကို တွေ့သတဲ့။ ခရီးသွားတစ်ယောက်က ထမ်းလာတဲ့ မြက်ပုံကို ထားပစ်ခဲ့ပြီး ၀ါဂွမ်းကို ပြောင်းထမ်းသွားပါသတဲ့။ တန်ဖိုးကလည်း ကွာသကိုး။ နောက်တစ်ယောက်ကတော့ ´´ဒီနေရာထိတောင် ထမ်းလာခဲ့ရတဲ့ မြက်ပုံကို မထားခဲ့နိုင်ပါဘူး။´´ ဆိုပြီး မြက်ပုံကိုပဲ ဆက်ထမ်းသွားပါသတဲ့။ တော်တော်လေးသွားမိပြန်တော့ သိုးမွေးပုံ နှစ်ပုံကို တွေ့ပြန်ရော။ ၀ါဂွမ်းထမ်းထားတဲ့ ခရီးသွားကတော့ သိုးမွေးကိုသယ်ခဲ့ပါတယ်။ ပိုတန်ဖိုးကြီးတယ်လေ။ ဒါပေမယ့် နောက်ခရီးသွားကတော့ ´´၀ါဂွမ်းနဲ့တောင် မလဲခဲ့တဲ့ ဒီမြက်ပုံကို ဘာလို့ သိုးမွေးနဲ့ လဲရမှာလဲ´´ ဆိုပြီး မြက်ကိုပဲ ဆက်ထမ်းသွားပါသတဲ့။ ...
ကိုတာရဲ့ ´ဖြန့်ထွက်တွေးခြင်းနှင့် အခြားစာတမ်းများ´ စာအုပ်မှာ ဆရာပါရဂူရေးပေးထားတဲ့ အမှာစာထဲက ပုံပြင်လေးပါ။ ကိုယ့်ကို တော်တော်လေး ငေါင်သွားစေပါတယ်။ ပိုပြီး တန်ဖိုးရှိတဲ့ ၀ါဂွမ်းတွေ၊ သိုးမွေးတွေ ဘယ်လောက် ချန်ရစ်၊ ကျန်ရစ် ခဲ့ပြီလဲ။ သံယောဇဉ်ရဲ့ မမြင်နိုင်တဲ့ ကုန်ကျစရိတ်ပဲဖြစ်ဖြစ်၊ အပျင်းထူခြင်းရဲ့ ဆင်ခြေလို့ပဲဆိုဆို လက်လွတ်ခဲ့တဲ့ အခြေအနေတွေ ဘယ်လောက်များခဲ့သလဲ။
မြက်ပုံကို မပစ်နိုင်တာထက် မြက်လောက်တန်ဖိုးရှိတာကို မတွေ့လို့များလား။ ဒါမှမဟုတ် ပိုတန်ဖိုးရှိပေမယ့် မနိုင်ဝန်ဖြစ်နေမယ့် အရာတွေမို့လို့လား . . . ဆိုကြပါစို့။ ကိုယ်ထမ်းလာခဲ့တဲ့ မြက်ပုံက လူတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် . . . . . ပိုတန်ဖိုးရှိတာကို တွေ့တဲ့အခါ သူနဲ့ လဲပစ်လိုက်ရမှာလား။ ဖြန့်တွေးကြည့်တာပါ။ စာအုပ်နာမည်ကိုက ´ဖြန့်ထွက်တွေးခြင်း´လို့ ဆိုတာကိုး။
အဲဒီစာအုပ်ထဲကပဲ အရမ်းသဘောကျမိတာလေးရှိပါသေးတယ်။ လူတွေက သူတို့ လုပ်နေကျ ကိုင်နေကျ၊ သွားနေကျ လာနေကျ ပုံစံမှာ သိပ်အဆင်ပြေနေရင်လည်း ဖောက်ထွက်ဖို့၊ ဖြာထွက်ဖို့၊ ဖြန့်ကျက်ထွက်ဖို့ အားမစိုက်ကြတော့ဘူးတဲ့။ ဘ၀က အဲလောက်လွယ်ကူနေလို့များလား . . . မဟုတ်သေးပါဘူး။
နောက်တစ်ခု ကိုယ်သဘောကျတာလေး ရှိသေးတယ်။ "Delusion of learning from experience" တဲ့။ အတွေ့အကြုံရနေတိုင်းလည်း ပညာရနေတာ ဟုတ်ချင်မှဟုတ်မှာတဲ့။ တခါတလေ ကိုယ်တို့တတွေက ရသေ့စိတ်ဖြေလေးနဲ့ နေတတ်ကြပါတယ်။ သြော် ... ပညာမရပေမယ့် အတွေ့အကြုံတွေရနေသားပဲ ဆိုပြီးတော့လေ။ အကောင်းဖက်ကနေ တွေးတာပါ ဆိုတဲ့စကားကိုက ဘက်လိုက်တဲ့ စကားကြီးပါ။ အမှန်တရားမဟုတ်သေးပါဘူး။
ဒီတော့ ကိုယ်တို့တတွေ ပခုံးပေါ်က မြက်ပုံတွေကို ပြန်ကြည့်ကြရအောင်လေ။ တန်ဖိုးဖြတ်တာ မဟုတ်ပေမယ့် အဖိုးတန်ရဲ့လားဆိုတာ တွက်မယ်။ သွားရင်း လာရင်းနဲ့ ပိုတန်ဖိုးရှိမယ့် အရာလေးတွေကို ရှာမယ်။ ခွေးချေးပုံ၊ နောက်ချေးပုံတွေကိုလည်း ရှောင်ရင်း ရှားရင်း ကျော်ရင်း လွှားရင်း ကိုယ်တို့တတွေ စိတ်ကို ဖွင့်ထားကြစို့။
B.S
10 July 2011
Myitkyina
No comments:
Post a Comment