တိမ်စတွေနဲ့ လွင့်ပါသွားတဲ့
ကြယ်မှုန်တစ်ပွင့်လို
ကစဥ့်ကလျားနိုင်တဲ့ စိတ်ကူးတွေ . . .
မခံချင်စိတ်ဆိုတာကလည်း
ဆပ်ပြာပူဖောင်းတွေလိုပဲ
တစ်ကိုယ်စာ ကျယ်လောင်မှုနဲ့ပဲ
အသက်တစ်ရှိုက်စာ ပေါက်ကွဲမှုတွေ ၀ုန်းဒိုင်းကြဲလို့။
အလင်းကိုရှာနေတုန်းမှာ
လောင်ကျွမ်းခံရသူလေ . . .
ဒီလိုနဲ့ပဲ အပူကို ပူမှန်းမသိခင်မှာ
ဘ၀ကြီးက ပြာကျခဲ့ပြန်ရော။
လူတိုင်းမှာတော့
ရိုက်ခွဲဖျက်ဆီးပစ်ချင်တဲ့ ရာဇ၀င်အိုးတွေ ရှိကြမှာပါ။
ငါအစိတ်စိတ်ခွဲပစ်ချင်တဲ့
ငါ့ရဲ့ရာဇ၀င်အိုးတွေကတော့ ဘောင်ဘင်ခတ်နေကြတုန်းပဲ။
အိတ်ပေါက်နဲ့ အကောက်ခံရတဲ့ဖားလို
တခါတလေမှာ ကံကောင်းမှုတွေက ကြောင်တောင်တောင်နိုင်တယ်။
“ငါမရှိဘူးဆိုတာ ငါသိတယ်” လို့ ပြောရသလိုပဲ . . .
နေရထိုင်ရတာ ကန့်လန့်ကြီး။ ။
(bs)