Saturday, November 19, 2011
ကိုယ့်ရဲ့ လိပ်ပြာလေး
ကိုယ်အသက်ရှူရပ်သွားချိန်တွင် ကန်ရေပြင်သည် ငြိမ်သက်နေခဲ့၏။
ထိုနေ့က ဆက်ရက်ငှက် သုံးကောင်တွေ့ခဲ့လေသည်။
ကိုယ်ချစ်သော လိပ်ပြာလေး၏ အတောင်ပံသည် ပန်းရောင်နှင့် အဖြူရောင်ဖြစ်ပါသည်။
ကစဥ့်ကလျားသီအိုရီနှင့် ကိုယ့်လိပ်ပြာလေး မည်သို့မျှ မသက်ဆိုင်ပါလေ။
ဒီနှစ် မိုးဦးပေါက်က ထိုလိပ်ပြာလေးကို တွေ့နေခဲ့ခြင်း ဖြစ်ပါသည်။
ရံဖန်ရံခါ ကိုယ်သွားရာနောက်သို့ လိုက်နေတတ်သည်။
တခါတလေတွင်တော့ လိပ်ပြာလေးနောက်သို့ ကိုယ်တစ်ယောက် တမေ့တမော လွင့်ပါနေတတ်သည်။
ထိုသို့ဖြင့် ကိုယ်နှင့် ကိုယ့်လိပ်ပြာလေး မကြာခဏ ကမ္ဘာကျပျောက်ကြလေသည်။
ချစ်ခြင်းတရားသည် နောင်တတစ်ခု မဖြစ်သင့်ပါ။
ချစ်ခြင်းတရားသည် ဝဋ်ကြွေးတစ်ခု မဖြစ်သင့်ပါ။
(လုံးဝ အဖြစ်မခံနိုင်ပါ။)
ပန်းပွင့်တွေနေသည့် တောနက်ထဲသို့ သွားမည်။
အိုက်စပ်စပ်နေ့ခင်းမရှိသော ဒေသတွင်နေမည်။
လှိုင်းသံနှင့် ကိုယ်နှင့် ကိုယ့်လိပ်ပြာလေး အတူတူ ကခုန်မည်။
ကိုယ်အသက်ရှူရပ်သွားချိန်တွင် ကန်ရေပြင်သည် ငြိမ်သက်နေခဲ့၏။
ထိုနေ့က ဆက်ရက်ငှက် သုံးကောင်တွေ့ခဲ့လေသည်။                ။
B.S
19 Nov 2011
Mandalay 
Tuesday, November 15, 2011
နှင်းဖြစ်သောကြောင့် . . .
နှင်းဖြစ်သောကြောင့် ဆောင်းခေါ်ရာနောက် လိုက်ခဲ့သည်။
ကိုယ်တို့နှစ်ယောက်စလုံးတွင် အပြစ်မရှိပါ။
အပြစ်ဟုဆိုလျှင်လည်း ဘုရားသခင်မဟောသည့် ပညတ်အပြစ်သာဖြစ်မည်။
မည်သည့်နည်းနှင့်မျှ ပရမတ္ထ အပြစ်မဖြစ်နိုင်။
နှင်းဖြစ်သောကြောင့် ဆောင်းခေါ်ရာနောက် လိုက်ခဲ့သည်။
မနက်ခင်းများသည် အလွန်နှမြောစရာကောင်းနေပါသည်။
မြူငွေ့ငွေ့၊ နေငွေ့ငွေ့ နှင့် ငွေ့ငွေ့လေး ထိုင်လွမ်းနေဖို့သာကောင်းပါသည်။
ကိုယ့်အတွေးများသည် ရွက်ကြွေတို့ကို မြင်လျှင် ဖြိုးဖြိုးဖြစ်ဖြစ်ကြေမွကုန်၏။
ချစ်သူ့ပုံရိပ်သည်လည်း မနက်ခင်းဈေးသည်ကြီး၏ အသံနှင့် အတူ ဝေးသွားလိုက် နီးလာလိုက်။
မည်သို့ပင်ဖြစ်စေ နှင်းဖြစ်သောကြောင့် ဆောင်းခေါ်ရာနောက် လိုက်ခဲ့ပါသည်။
စိမ့်စိမ့်လေး ချမ်းနေရသောကြောင့်လည်း ပျော်ပါသည်။
ခြေအိတ်လေးဝတ်တော့လည်း ပျော်ရပါသည်။
လက်ကျန်လခြမ်းလေးကိုမြင်ရလျှင်လည်း ပျော်ရပါသည်။
မျက်နှာပေါ် ရှပ်တိုက်ပြေးသော လေအေးလေးကြောင့်လည်း ပျော်ရပါသည်။
ထို့ကြောင့် နှင်းသည် ဆောင်းခေါ်ရာနောက်သို့ ပျော်ပျော်ကြီး လိုက်ခဲ့လေသည်။
ခေါင်မိုးပါသော နွားလှည်းများသည် ပုံပြင်ဖြစ်သည်။
နေမဝင်ခင် ပြေးထွက်လာသော ကြယ်လေးတစ်ပွင့်သည် ပုံပြင်ဖြစ်သည်။
အရှေ့အရပ်နှင့် အနောက်အရပ်ကြား ပျာယာခပ်နေသော အရောင်နုလေးသည် ပုံပြင်ဖြစ်သည်။
ကိုယ်သွားရာလမ်းတစ်လျှောက် ချစ်သူအတွက် ပုံပြင်များကို စုဆောင်းနေမိပါသည်။
ပုံပြင်များကိုသာချမ်းသာသောကိုယ်တစ်ယောက်သည် နှင်းဖြစ်သောကြောင့် ဆောင်းခေါ်ရာနောက်သို့ မျောလွင့် လိုက်ပါခဲ့မိပါတော့သည်။
B.S
15th Nov 2011
Mandalay
Saturday, October 22, 2011
ရော့ခ်ည
မီးခိုးငွေ့တန်းရယ်
ပရုတ်နံ့ရယ်
ငါရယ်
မူးတယ်။
ရော့ခ်ဂီတရယ်
ညရယ်
ငါရယ်
မူးတယ်။
ဘွတ်ဖိနပ်အဖြူရောင်လေးတစ်စုံရယ်
ပီကေတစ်ခုရယ်
ငါရယ်
မူးတယ်။
အလင်းရိုက်ခြင်းရယ်
အလင်းယိုင်ခြင်းရယ်
ငါရယ်
မူးတယ်။
ငါက လည်လိုက်
ကမ္ဘာကလည်လိုက်
သံသရာကလည်လိုက်
မူးတယ်။
BS
Dedication for ==>> 21st Oct 2011
Yangon
Saturday, October 15, 2011
စံပယ်ပင် ပုံပြင်
ရထားစောင့်ကြီးဆီကနေ စံပယ်ပင်ပေါက်လေးတစ်ပင် ၀ယ်ခဲ့တယ်။
နေမထွက်ခင် စံပယ်ပင်လေး ပျိုးမယ်ဆိုတဲ့ စိတ်ကူးနဲ့ ကိုယ့်ကြယ်လေးကို ကျောခိုင်းလိုက်တယ်။
စံပယ်ပင်ပေါက်စကို တိုးတိုးလေး ပြောပြနေမိတယ်။
``ဆုတောင်းတွေမပြည့်တဲ့အခါ ဆုတောင်းခံရတဲ့ နတ်မင်းကြီးတွေလည်း မစားသာပါဘူးဟာ´´
``သိလား၊ ဒီဘုရားကျောင်းထဲက ခုံတန်းပေါ်မှာ ကိုယ်မျက်ရည်ဝိုင်းနေခဲ့ဖူးတယ်´´
``အဲဒီနေ့က ညောင်ရွက်တွေ အရမ်းကြွေနေခဲ့တာပေါ့´´
``ကိုယ့်မှာ ကျဉ်းကျဉ်း နက်နက် စိတ်ကလေးပဲ ရှိရှာတာ´´
``လမ်းခုလတ်မှာမှ ဆုံကြတဲ့သူတွေမို့ သီလမလုံကြဘူးတဲ့လေ´´
``အိပ်မက်မက်ရင်းသာလျှောက်ရရင် ကိုယ့်ခြေလှမ်းတွေ သိပ်ကျဲတာပဲ´´
``အမှားတစ်ခုကိုပဲ ထပ်ခါတစ်လဲလဲ လုပ်တာထက်စာရင် မထပ်အောင် မှားနေတာက ပိုကောင်းတယ်လို့ ကိုယ့်ဆရာတစ်ယောက်က ပြောဖူးတယ်။ ကိုယ်ကတော့ လက်မခံပါဘူး´´
``တစ်ခါတစ်လေကျရင် ခပ်ကြောင်ကြောင် ယင်ကောင်လို ကော်ဖီပူပူထဲ ခုန်ချပစ်လိုက်ချင်ရဲ့´´
ကိုယ် ပြုံးနေခဲ့သလား ... စံပယ်ပင်လေး။
ဖြေပါ . . . . .
ဒီလိုနဲ့ စံပယ်ပင်လေးစိုက်ရမယ့် အချိန်ရောက်လာခဲ့တယ်။
ပန်းပျိုးမယ့် ကိုယ့်လက်ကို ကြည့်လိုက်တော့ . . .
မီးတောက်တွေ မီးတောက်တွေ မီးတောက်တွေ
ကိုယ့်လက်ဖ၀ါးမှာ
မီးတောက်တွေနဲ့ . . .
ရင်ကွဲပက်လက် လောင်ကျွမ်းနေတဲ့ မီးတောက်တွေ . . . နဲ့။
ကိုယ်လေ . . .
နှမြောလိုက်ရတာ ။               ။
BS
15 Oct 2011
8:30 pm
Ygn
ခေတ်တစ်ခုရဲ့ ရင်ခွင်
သူမသိဘူး . . . လာဘ်စားတတ်တဲ့သူရဲကောင်းတွေအကြောင်း
သူမသိဘူး . . . သွေးစွန်းလက်တွေနဲ့ မေတ္တာရှင်တွေအကြောင်း
သူမသိဘူး . . . ခွက်ထိုးခွက်လန် ရယ်မောနေတဲ့ ငိုကြွေးသူတွေအကြောင်း
သူမသိဘူး . . . သစ်ရွက်ကိုစိုက်မှ ပွင့်တတ်တဲ့ပန်းတွေအကြောင်း
သူမသိဘူး . . . မီးတောက်တွေနဲ့ပိတ်လှောင် အော်ဟစ်နေတဲ့ စွန့်စားသူတွေအကြောင်း
သူမသိဘူး . . . အဲဒီ မီးခိုးအူအူ သမိုင်းနေ့စွဲတွေအကြောင်း
ပါးစပ်တွေရဲ့ ပေါက်ကွဲသံတွေက ယမ်းငွေ့တလူလူ
အဖျော်ဖြေခံ နယ်ချဲ့တွေကလည်း ဆိုဂျူးပုလင်းတွေနဲ့ ရင်တပူပူ
စိတ္တဇဒဏ်ရာမို့ ဘူဇွာမမည်တဲ့ ဘူဇွာတွေကလည်း အလံတထူထူ
ကလေးရယ်
ဒီလိုခေတ်မျိုးကြီးမှာ နင်မို့လို့ လူဖြစ်လာတယ်ဟာ . . . ။            ။
BS
January 26, 2011
3:36pm
Tuesday, September 27, 2011
လွဲသူ့ အစွဲ
တတိယအမြင်ကို ခွေးချီပြေးသွားခဲ့။
     နှလုံးသားကို ကြောင်ကုတ်သွားခဲ့။
          စိတ်ကူးအယဉ်ကို လူနင်းသွားခဲ့။
ပျောက်လို့ ... ရှလို့ ... ပြားလို့။
ပလေတိုရဲ့ မှန်နဲ့ ထောင်ကြည့်တော့ ကိုယ့်မှာ မြင်မကောင်း ရှုမကောင်း။
     ဒီအမှားကိုပဲ ထပ်ခါတလဲလဲဆိုတော့ ရှုံးလိုက်တာမှ ၀က်ဝက်ကွဲ။
လေးစားမှုမရှိကြပုံများ ... ကိုယ့်ပခုံးပေါ်မှာ ပိုးစိမ်းကောင်တွေ မိတ်လိုက်ကြ၊ မုန်းပါ့။
    ဒီ ကဝေနဲ့တော့ ခက်ပြီ ...
တောက်စား
   ဖမ်းစား
      ပြုစား
         လှည့်စား
တိုးသက်သက် သူ့ကျိန်စာက မီးခိုးတွေထဲမှာ ယဲ့ယဲ့ ... သဲ့သဲ့
သြော် ... ချစ်သူရယ် ... မနက်ဖြန်ကုန်တဲ့နေ့မှာမှ စ လွမ်းရမှာတဲ့လား။
၂၀၀၉     ၂၀၁၀   ၂၀၁၁
လင့်ရင်း မျှော်ရင်းနဲ့ ကိုယ်လည်း ဆံပင်တွေ ဖြူခဲ့ပြီ ချစ်သူ . . . . . ။            ။
BS
26 Sept 2011
10:30 PM
Ygn
Sunday, August 28, 2011
အအိပ်မဲ့ (၂)
ကွေးမရ ခေါက်မရနဲ့
အိပ်ရေးဝဖို့
ငါ့နားနဲ့ငါ
ခဏခဏ ရန်ဖြစ်ရတယ်။
ရယ်တုန်းမောတုန်းမှာမှ
လော်စပီကာက အူ
မျိုးကြီးက ဆူ
ခွေးတွေကို ရန်စတာ ဘယ်သူလဲ။
ဖွဲဖွဲပဲကျကျ
သည်းသည်းပဲရွာရွာ
ကြွေကျလာတဲ့ မိုးပွင့်တွေကို
ထီးဖွင့်ကြိုဖို့ အားနာသကွဲ့။
ဒီလိုနဲ့ပဲ . . . ဒီတစ်ညလည်း အိပ်ရေးမဝပြန်ဘူး။             ။
BS