Sunday, October 18, 2009

ကဗျာဆရာမ အသည်းကွဲခြင်း

မကြိုးစားချင်တော့ဘူး
လွတ်လပ်ခြင်းတွေ ပဲ့ကျကုန်မှာစိုးလို့ . . .
အရှုံးလည်းမပေးလိုက်ချင်ဘူး
စိတ်ရဲ့ငိုသံကို မကြည့်ရက်လို့ . . .
လမင်းနဲ့အတူ ရေကူးဆင်းတတ်တဲ့
အရောင်တွေအကြောင်း ငါစာလုံးပေါင်းပြခဲ့တာအကြိမ်ကြိမ် . . . .
ငါ မ လိ မ္မာ တတ် ခဲ့ ဘူး။

တဲအိုရဲ့ ခေါင်မိုးဆွေးလေးမှာ
ရေကန်ထဲက ကခြေသည် လက်လက်မှိန်မှိန်တွေအကြောင်း
စာလုံးပေါင်းပြဖို့ ကြိုးစားနေတုန်း
ကလောင်သွားက ငါ့ကို သစ္စာဖောက်တယ်။
နင်လှည့်ထွက်သွားတော့
ကိုယ်ပိုင်ယဉ်ကျေးမှုဆန်မယ်ဆိုတဲ့ ငါ့မနက်ဖြန်တွေလည်း
ခဲဖျက်စာမိတဲ့ စာလုံးလေးလို လိပ်မွပျောက်ကွယ် . . .

ကြယ်စင်ကို လှမ်းရွယ်တုန်းမှာ
ဖုန်တက်သွားတဲ့ လင်္ကာနွမ်းဖတ်ဖတ်တစ်စုံပေါ့။
ငါပြောခဲ့ပါတယ်
စကားလုံးတွေက ခါးပါတယ်လို့ . . .

အနီရောင်သတိပေးသင်္ကေတတွေ
ပြန့်ကျဲနေလိုက်ကြတာ
ငါ့ရဲ့ ကြမ်းပြင်ကြီးမှ ဟုတ်ရဲ့လား . . .

ရင်ကွဲတေးသွား ကြားရမယ်ဆိုတာ
ဖျာမခင်းခင်ကတည်းက သိပါတယ်။
ဒါပေမယ့် နေမ၀င်ခင်ကြားရတာတော့ စောလွန်းပါရဲ့ . . . .
ဘယ်သူမဆိုလေ
ကိုယ်ကတဲ့ဇာတ်လမ်းကိုတော့
အလွမ်းခန်း နည်းချင်တာပေါ့။

ဆုတောင်းမယ်ဆိုတော့လည်း
နင်ပျော်ပါစေဆိုတာကလွဲလို့ တခြားဆုရှာမတွေ့ဘူး . . .
ဘယ်သူမှ နားမလည်တဲ့ ကဗျာလေးလို
စာရွတ်လွတ်ရဲ့ရင်ခွင်မှာ ရှိုက်ကြီးတငင် ငိုပစ်ချင်တယ်ဟာ . . .
ခက်တယ်။
ရှေ့ဖြစ်နိမိတ်တွေကို
ငါဘယ်လို မျက်နှာလွှဲ ခဲပစ် လုပ်ခဲ့သလဲဆိုတာ
နင်က မသိဘူး . . .
ဘယ်သူ့မှာမှ တာဝန်မရှိခဲ့ပါဘူး . . . ။

အလင်းတွေ မလုံလောက်ဘူးဆိုရင်
ထားခဲ့ပါ . . .
ငါကမှ နင့်ကို မပူလောင်စေချင်ခဲ့တာ။
အသုဘဆန်တယ်ဆိုတာ
နင့်မျက်နှာ မဲ့ သွားမယ့်ပုံပြင်ထက်တော့
အများကြီးဖြေသာပါတယ်။

ချစ်သူက လမ်းခင်းပေးတာတောင်
ကောင်းကောင်းမလျှောက်တတ်တဲ့ငါ
ဆိုးတယ်ဆိုတဲ့ကံနဲ့ မျက်နှာချင်းဆိုင်ဝင်တိုက်တာတော့ အသေးအမွှားပေါ့ . . .

ကောင်းကင်ကြီး ကျောခိုင်းတာ ခံလိုက်ရတဲ့
လေလွင့်လွင့် ဖုန်မှုန့်တွေနဲ့
ရယ်တစ်လှည့်မောတစ်လှည့်
ငါ့နေ့စွဲတွေ လွဲနေလိမ့်ဦးမယ် . . .
စိတ်ရဲ့အော်သံတွေနဲ့ ငါ့ဘ၀ကြီး ဆူညံနေတုန်းပဲ
”ချစ်သူ” ငြိမ်းချမ်းပါစေ . . .
”ချစ်သူ” ငြိမ်းချမ်းပါစေ . . .
”ချစ်သူ” ငြိမ်းချမ်းပါစေ . . .။                                 ။

BS
11.56 pm
19.10.09

4 comments:

  1. hey let me know if u need any bandage!
    ur words are so awesome....:)))
    my heartbroken poet buddy:)

    ReplyDelete
  2. heehee :D Thx buddy ;)
    I won't need bandage, a cup of espresso will be fine for me :P :P

    ReplyDelete
  3. "ဆုတောင်းမယ်ဆိုတော့လည်း
    နင်ပျော်ပါစေဆိုတာကလွဲလို့ တခြားဆုရှာမတွေ့ဘူး "
    so sweet,sis.
    I think something terrible is happening to your heart.
    Wish you to be happy so soon,sis.

    ReplyDelete
  4. you think so ?? if so, this one can be my master piece :P
    thz my lit' bro ;)

    ReplyDelete