ချစ်သူရေ . . .
ငုတွေ ပွင့်နေပြီ . . .
သူလိုလို ကိုယ်လိုလိုလုပ်တတ်တဲ့ ငုနဲ့ ပိတောက်ကို ကိုယ်အခုထိ လွဲလို့ကောင်းနေတုန်းပဲ။
ကိုယ့်မွေးနေ့မရောက်ခင် ပွင့်သွားလိုက်ကြတဲ့ ပိတောက်တွေဟာ . . .
တကယ်တော့လည်း ဘာမှမဆိုင်ပါဘူး။
ကြားမိသေးလား . . . တနေ့က ကိုယ်ဟာမျောက်တစ်ကောင် ဖြစ်သွားလို့တဲ့။
သေတ္တာထဲက ခေါင်းထွက်နေတဲ့ မျောက်တစ်ကောင်ပေါ့။
ပွဲတော်ကြီးမှာ ကလယ်ကလယ်ဖြစ်လို့ . . .
ကိုယ့်ဦးနှောက်ကို ဇွန်းနဲ့ တစ်ဇွန်းချင်း ခပ်စားနေကြလေရဲ့။
ခက်တော့ ခက်သား . . .
မနက်ဖြန်အတွက် မွှေးရမယ့်မီးက ကိုယ့်ဘ၀နဲ့ ထင်းဆိုက်မှ လောင်မယ်တဲ့လေ။ ယပ်ခပ်သူတွေ အေးချမ်းစေ။
အရူးတစ်ယောက်မို့လို့ အမဲသားမစားဘူး . . . ဘာဖြစ်လဲ။
တကယ် ရုပ်ဆိုးလို့ စုန်းယိုးကြတာ . . . နေပလေ့စေ။
ချော်လဲတယ်ပဲပြောပြော . . . ထိုင်ချလိုက်တယ်ပဲဆိုဆို
ကိုယ်ကတော့ ကိုယ်ဖြစ်နေဦးမယ် ချစ်သူ။
ငိုချင်တဲ့အချိန်မှာ ငိုနိုင်တဲ့သူတွေကို ကိုယ်မနာလိုဘူး . . .
တချို့ကလည်းပြောပြကြပါတယ်
အလယ်အလတ်လမ်းမှာတော့ မတ်မတ်ကြီး အစွန်းထွက်မနေနဲ့ . . . တဲ့လေ။
ဒီလိုတော့လည်း ဟုတ်သား။
အဲဒီ ယုံကြည်ချက်ဆိုတဲ့ကောင်တွေကို ခြေစုန်ကန်ပစ်ခဲ့။
တစ်ဂိုး နှစ်ဂိုး . . .
ကဲ . . . ဘယ်လိုမနက်ခင်းမျိုးကိုမှ ဗျို့ဟစ်ပြီး မနှိုးတော့ဘူး။
ချစ်သူရယ်
တကယ်တမ်းကျတော့လည်း ဘ၀ဆိုတာက အဖြူနဲ့အမည်း မသဲကွဲတဲ့ လမ်းကြီးရယ်ပါ။
နေရထိုင်ရတာ မွဲတဲတဲ။ စားရသောက်ရတာလည်း သဲတကျိကျိနဲ့။
တစ်ခါတစ်လေများ အသက်ဆိုတဲ့ဟာကို ဖက်ကြီးနဲ့ ထုတ်ထားရသေးတယ်။
ကိုယ် တ ကယ် မ ပျော် ဘူး ချစ် သူ . . .
ရင်ဘတ်ထဲက ဒဏ်ရာတွေ မကျက်သေးတဲ့အချိန်မို့ ကိုယ့်စကားတွေက မီးခိုးအရမ်းအူတယ်။
စိတ်ကူးတွေက ညှော်စော်နံတယ်။
ခြေလှမ်းတိုင်းမှာ လူပီသခြင်းတွေ တစ်ဖဲ့ပြီးတစ်ဖဲ့ ပဲ့ကြွေ။
ယဉ်ကျေးမှုတွေနဲ့ မူးမူးရူးရူး အော်ဆဲ . . .
ဒီရင်ထဲကို သဲနဲ့သာ ကျုံးပက်လိုက်ပါတော့ ချစ်သူ။
အဖေကတော့ ကိုယ့်ကို ပြောတယ် . . . နတ်အိုးကွဲကြီး . . . တဲ့။
နတ်စင်ပေါ်ထားမရ၊ သေးအိုးလည်းလုပ်မရနဲ့ အသုံးမကျတဲ့ နတ်အိုးကွဲကြီးတဲ့။
ထားပါတော့
တစ်ခါတစ်လေတော့လည်း ကိုယ့်သူငယ်ချင်းတစ်ယောက်ရဲ့ ခုတင်ခေါင်းရင်းက ဆေးခြောက်လိပ်လေးကို လွမ်းတယ် . . .
ဘုရားမှာ အခိုးခံခဲ့ရတဲ့ ကိုယ့်ဖိနပ်အပြာလေးကို လွမ်းတယ် . . .
ဒါပေမယ့်လည်း ချစ်သူရယ် . . .
ကိုယ်ဆိုတဲ့သူကလည်း ပေးပြီးသားဆိုရင် နှလုံးသားကိုတောင်မှ ပြန်မလိုချင်တဲ့သူမို့ . . . လွမ်းတယ်။ အများကြီး လွမ်းတယ်။
ဒါပါပဲချစ်သူ။
ဒီနေ့ဆိုတဲ့ဟာတွေက ကောင်းကိုမကောင်းဘူး။
ကံဆိုတဲ့ငတ ကိုယ်နဲ့ သဟဇာတကို မဖြစ်ဘူးကွယ်။
ဒီမျက်နှာကို ဘယ်ခြုံမှာ သွားဖွက်ထားရပါ့မလဲ။
ဒါပါပဲချစ်သူ။
BS
7th April 2011
Yangon
ယပ်ခပ်သူတွေ အေးချမ်းပါစေဗျာ
ReplyDeleteနတ်အိုးကွဲ ကြီးေ၇..
ReplyDeleteနင့်ကို လွမ်းတယ်ဟ...
ဘာလိုလိုနဲ့ နင့်မွေးနေ့ တောင်ေ၇ာက်တော့မယ်...
နင့်အိမ်မှာ သင်္ကြန်ေ၇စိုစိုနဲ့ ဆန်ခေါက်ဆွဲ လာစားချင်တယ်ဟာ...
အေးချမ်းစေ ကိုသစ်ကိုကြီးရေ ...
ReplyDeleteမယ်အိမရေ...
ဒီနှစ်မွေးနေ့ကတော့ သိပ်မနိပ်ဘူး . . . မနက် ၃ နာရီလောက်ကတည်းက ၀မ်းသွားတာ . . . လူကို အီဆိမ့်နေတာပဲ။ သိုးနေတဲ့ ကြံရည်တွေကို နှမြောလို့ တွယ်ထည့်လိုက်တာ .. ဟီး။
ဒီနှစ် လွိုင်ကော်မှာ ဇာတ်ဆင်တွေ မဆောက်ကြဘူး။ အုန်းလက်စင်လေးတွေနဲ့ပဲ ကြဲကြတယ်။ ထုံးစံအတိုင်း ပျင်းကပ်ကပ်ပါပဲ။
သင်္ကြန်တုန်းက ငါ့အမေ ရွှေကြည်လုပ်ပေးတယ် . . . နင့်ကိုတောင် လွမ်းနေတာ။ နင်အရမ်းကြိုက်လို့လေ။
တစ်ရက် ပြန်ဆုံတာပေါ့ဟာ။