ကိုယ်ရေးတဲ့ ကဗျာက ဘာအမျိုးအစားလဲလို့ မေးရင် ကိုယ့်မှာ ဖြေစရာအဖြေမရှိပါဘူး။ ကိုယ် သိလည်း မသိပါဘူး။ ကိုယ်က အများအမြင်မှာ ပျော်ပျော်နေတတ်တဲ့သူတစ်ယောက် (ဆိုပါစို့)။ ကိုယ့်ရင်ထဲမှာ ပြည့်ကျပ်နေတဲ့ အကြောင်းတွေကိုဆိုရင် ဘယ်လောက်ရင်းနှီးကျွမ်းဝင်သူကိုပဲဖြစ်ဖြစ် အတွင်းကျကျ ဖွင့်ဟလေ့မရှိပါဘူး။ လုံးဝ မပြောတာမျိုးတော့လည်း မဟုတ်ပြန်ဘူး။ မခံနိုင်လွန်းလို့ ပြောပြပေါက်ကွဲတတ်တာမျိုးတော့လည်းရှိပါတယ်။ ဒီတော့ ကဗျာလိုလို စာလိုလိုတွေက ကိုယ့်ရဲ့အဖော်တွေဖြစ်လာပါတယ်။ ငယ်ငယ်တည်းက ဒိုင်ယာရီရေးတယ်။ ကိုယ့်ဒိုင်ယာရီမှာ ကိုယ်တစ်နေ့တာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာမျိုးထက် ကိုယ်ဘာတွေ ခံစားခဲ့ရတယ် ဆိုတာမျိုးကို ရေးတာများတယ်။ နောက်ပိုင်းကျတော့ အဲလိုခံစားချက်မျိုးကိုတောင် အတည့်အတိုင်းမရေးချင်တော့ဘူး။ တင်စားမှုတွေ၊ ဝေ့၀ိုက်ခြင်းတွေ၊ ရောထွေးခြင်းတွေနဲ့ စာပိုဒ်အပိုင်းလေးတွေ ပိုရေးဖြစ်လာတယ်။
အင်တာနက်တွေ ခေတ်စားလာပြီးနောက်ပိုင်းမှာ အခု Multiply ၀က်ဘ်ဆိုဒ်လေးက ကိုယ့်ရဲ့ ဒိုင်ယာရီဖြစ်လာခဲ့တာ အခုထိပါပဲ။
ဒီလိုနိဒါန်းတွေ ဘာကြောင့်ပျိုးနေတာလဲဆိုတော့ ဒီနေ့ သူငယ်ချင်းတစ်ယောက်က အီးမေးလ်ပို့လိုက်ပါတယ်။ သူက ကိုယ့်ကဗျာတွေကို အမြဲလိုလိုသေသေချာချာ ဖတ်တဲ့သူတစ်ဦးပါ။ ဟိုတစ်နေ့က ကိုယ်တင်လိုက်တဲ့ `နှစ်အဟောင်းနှင့် ပတ်ပတ်လည်´ ဆိုတဲ့ ကဗျာလေးကို သူ နားမလည်ဘူး။ စကားပြေအနေနဲ့ ရေးပေးပါလို့ ကိုယ့်ကို ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်စရာကောင်းတဲ့ တုန့်ပြန်မှုလေးပဲဖြစ်ပါတယ်။ သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီ ကဗျာလေးကို စကားပြေအနေနဲ့ ပြန်ရေးခြင်းပဲဖြစ်ပါတယ်။ သူငယ်ချင်း ကျေနပ်ပျော်ရွှင်ပါစေ။
နှစ်အဟောင်းနှင့် ပတ်ပတ်လည်
ကိုယ်စောင့်နတ် ပျောက်တဲ့နေ့မို့
မျက်နှာ မသစ်ခဲ့ရဘူး ချစ်သူ။
မေမေသိရင် ကိုယ့်ကို ဆူဦးမယ်။
နောက်ကျမှ အိပ်ယာထလျှင် ကျွန်မမေမေသည် အလွန်စိတ်ဆိုးတတ်ပါသည်။ အထူးသဖြင့် အိပ်ယာမှနိုးသော်လည်း အပျင်းဆွဲကာ မျက်နှာမသစ်ချင်သော ကျွန်မသည် မောင်နှမများအားလုံးတွင် အဆူခံရဆုံးဖြစ်ပါသည်။ မေမေ့လက်သုံးစကားမှာ `မျက်နှာမသစ်လျှင် ကိုယ်စောင့်နတ်မကြိုက်´ ဖြစ်ပါသည်။ ထိုအချိန်က ကျွန်မ မကြာခဏ တွေးနေမိသည်မှာ ထိုကိုယ်စောင့်နတ်သည် ကျွန်မနှင့် တစ်ချိန်လုံးရှိနေပါသလား ... အဆုံးစွန် အိမ်သာသွားရမည်ကိုပင် နောက်ကျောမလုံဖြစ်မိပါသည်။ သူတကယ်ရှိသည်ဆိုပါလျှင် သူ ကျွန်မကို မမြင်ရတော့အောင် ကျွန်မ ပုန်းနေမိချင်ပါသည်။ ထိုနေ့တွင် ကျွန်မ အိပ်ယာမှ အလွန်နောက်ကျစွာထမည်။ မျက်နှာမသစ်ပဲနေမည်။ မျက်နှာ မသစ်ခဲ့ရဘူး ချစ်သူ။
မေမေသိရင် ကိုယ့်ကို ဆူဦးမယ်။
ထင်တာထက် မြန်မြန်လည်နေတဲ့ဘဝ။
သူတို့တတွေကလည်းပြောကြတယ်
အိမ်ပြန်တော့ အချိန်အတော်လင့်နေပြီ ... တဲ့။
လက်တွေ့ကျခြင်းဆိုသည်မှာ အတိတ်မှာ ကင်းလွတ်နေခြင်းနှင့် မည်သို့မျှ ပတ်သက်မည်ဟု မထင်ပါ။ ကျွန်မသည် စိတ်ကူးယဉ်လွန်းပါသည်။ မျှော်လင့်တတ်လွန်းပါသည်။ အရာရာ လွန်ခဲ့ပြီဟု ကိုယ့်ကိုယ်ကို ပြန်သတိပေးချိန်တွင် ကျွန်မအသက်သည် ၃၀ နားကပ်နေပါပြီ။ ကျောင်းပြေး၊ ဘင်ခရာတီးဝိုင်း၊ ဘတ်စ်ကက်ဘောကွင်း၊ စာရိတ္တဆု၊ အောလ်စတားဖိနပ် . . . ကျွန်မနှင့် ဘယ်လိုမှ မပတ်သက်တော့သည့် အရာတွေ များသည်ထက်များလာခဲ့ပါသည်။ အတ္တကို ဒုန်းစိုင်းနှင်ရင်း ကျွန်မ . . . မိဘကျေးဇူးကိုလည်းဆပ်နိုင်သူဖြစ်ချင်ပါသေးသည်။ တောကအိမ်လေးကိုပြန်ပြီး မေမေတို့နှင့်နေဖို့ ဆိုသည်မှာလည်း ထိတ်လန့်စရာ ဖြေရှင်းချက်တစ်ခု ဖြစ်နေပါသေးသည်။ ကျွန်မ . . . အိမ်ပြန်သင့်ပါသည်။သူတို့တတွေကလည်းပြောကြတယ်
အိမ်ပြန်တော့ အချိန်အတော်လင့်နေပြီ ... တဲ့။
ပလက်ဖောင်းတွေ လျှောက်ရင်း
နောက်ပြန်လှည့်လို့ မရတော့တဲ့အဆုံးမှာ
အဲဒီ Rocket ကြီးကိုတော့ ပစ်ခဲ့ဖူးချင်တယ် မေမေ။
အခုတလောတွင် မကြာခဏနားထောင်ဖြစ်သည်မှာ Adele ၏ Chasing Pavements သီချင်းလေးဖြစ်ပါသည်။ "Should I give up or should I just keep chasing pavements even if it leads nowhere" ဆိုသည့်အပိုဒ်သည် ကျွန်မ နေ့စွဲများတွင် တရစ်ဝဲ၀ဲ ညည်းမိနေဆဲဖြစ်ပါသည်။ ဘယ်လိုမှ အသစ်ကျပ်ချွတ်ဖြစ်မလာနိုင်သော နိစ္စဓူဝများနောက်ကို ဖတ်ဖတ်မောပြေးလိုက်ရင်း နေ့အသစ်များကို ပွေ့ဖက်ချင်ပါသည်။ စိန်ခေါ်မှုအသစ်များကို လက်တွဲရုန်းကန်ပစ်ချင်ပါသည်။ မည်သို့မျှ မဖြစ်နိုင်လျှင်တော့ ရောင်စုံမီးခိုးတန်းများနှင့် ဝေ့လွင့်လှပသွားမည့် အပျော်တမ်း Rocket ကြီးတစ်ခုလောက်ကို ကျွန်မပခုံးနှင့်ထမ်းပြီး ပစ်ဖောက်ချင်မိပါသည်။ ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် Rocket Festival တစ်ခုပြုလုပ်နေပါသည်။ တစ်စုံတစ်ယောက်နှင့် Rocket ကြီးကို ပစ်ဖောက်ခွင့်ရပါလျှင် . . . . နောက်ပြန်လှည့်လို့ မရတော့တဲ့အဆုံးမှာ
အဲဒီ Rocket ကြီးကိုတော့ ပစ်ခဲ့ဖူးချင်တယ် မေမေ။
ဇာတ်သိမ်းခန်းကျမှ
ကိုယ်ယုံကြည်ခဲ့တဲ့ ကျမ်းကြီးကလည်း
စာလုံးပေါင်းတွေ မှားသတဲ့။
အရင်ကဆိုလျှင် ကျွန်မသည် ဦးသန့်ကို အလွန်အားကျပါသည်။ သူ့လိုဖြစ်ချင်သည်။ သူ့လိုဖြစ်ရမည် စသည်စသည်ဖြင့် စိတ်ကူးများနှင့် အလွန်ရူးခဲ့ဖူးပါသည်။ တစ်နေ့က သူ့အကြောင်းကို သေသေချာချာ ဖတ်ခွင့်ရပါသည်။ ထိုစာအုပ် မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ . . . ဦးသန့်ကို အရင်လိုအားကျဖို့ ကျွန်မတွေဝေသွားပါသည်။ ကျွန်မ အားမကျသောကြောင့် ဦးသန့်သိက္ခာမကျသလို၊ ကျွန်မ အားကျသောကြောင့် ဦးသန့်သိက္ခာမတက်ပါ။ ဘာမှမဆိုင်ပါ။ ကြည်ညိုသူတစ်ဦးလျော့သောကြောင့် ကျွန်မ ပင်ပန်းခြင်းမှ သက်သာသည်ကတော့ သေချာပါသည်။ သူရဲကောင်းတစ်ဦး မဖြစ်လျှင် နေပါစေ . . . ရုပ်သေးရုပ်တစ်ရုပ်တော့ဖြင့် ကျွန်မ မဖြစ်လိုသည်မှာ သေချာပါသည်။ ဘာရယ်မဟုတ်ဘဲနှင့် ဦးနုအား ကျွန်မ ဦးညွတ်ခဲ့ပါသည်။ ပုံပြင်များအား သုံးဖက်မြင်တတ်ရန် အရေးကြီးကြောင်း ကျွန်မ သင်ခန်းစာ ကောင်းကောင်းရခဲ့ပါသည်။ ကိုယ်ယုံကြည်ခဲ့တဲ့ ကျမ်းကြီးကလည်း
စာလုံးပေါင်းတွေ မှားသတဲ့။
ဘာလိုလိုနဲ့
ဒီနေ့ဆို ... သူရဲခြောက်တဲ့ညတောင်
ရက်ပေါင်း ၇၀၀ ကျော်ပြီ။
ကျွန်မအတွက် ကြောက်စရာအကောင်းဆုံးအရာသည် သူရဲဖြစ်ပါသည်။ သူရဲရှိသည်ဟု ကျွန်မယုံကြည်ပါသည်။ ထို့အတွက် ချက်နှင့်လက်နှင့် သက်သေပြရန် ကျွန်မတွင် အထောက်အထား ခိုင်ခိုင်လုံလုံမရှိပါ။ သူရဲတကယ်ရှိသည်၊ မရှိသည်ထက် သူရဲခြောက်သည်ဟု ကျွန်မသေသေချာချာခံစားမိသော အချိန်များသည် ဘယ်တော့မှ မေ့နိုင်မည်မဟုတ်သည့် ကျွန်မခံစားချက်အပိုင်းအစများဖြစ်ပါသည်။ ထိုသို့ သူရဲခြောက်ခံခဲ့ရသော (သို့) သူရဲခြောက်ခံရသည်ဟု ယုံကြည်မိသောနေ့တချို့တွင် ကျွန်မဘ၀၏ အမှတ်တရများလည်း ခိုအောင်းနေပါသည်။ အမှတ်အရဆုံး ဖြစ်နေမည့် သူရဲခြောက်သောနေ့သည် ယခုလဆိုလျှင် နှစ်နှစ်ပြည့်တော့မည် . . .။ဒီနေ့ဆို ... သူရဲခြောက်တဲ့ညတောင်
ရက်ပေါင်း ၇၀၀ ကျော်ပြီ။
မီးပွားလေး တငွေ့ငွေ့နဲ့
ဆေးလိပ်သာဆို
ကိုယ့်အသက်လည်း အတော်လေး တိုနေရှာရော့မယ်။
ဘိုဆန်ဆန်ပြောရမည်ဆိုလျှင်ဖြင့် ဆေးလိပ်နှင့်ဘ၀ တင်စားဖော်ပြချက်သည် မိန်မွဲနေသည့် Cliché တစ်ခုမျှသာဖြစ်ပါသည်။ ကိုကိုမမ များလည်း မကြာခဏ ရေရွတ်ခဲ့ကြပြီးဖြစ်ပါသည်။ မီးစတန်းလန်းဘ၀ ဘယ်လောက်များ လောင်ကျွမ်းစရာ ကျန်သေးပါသလဲ။ ပြာတိုပြာစများအား တစ်လွှာချင်း ခြွေချရင်း ကျွန်မဘ၀သည် ထပ်မံလောင်ကျွမ်းခံရနိုင်ချိန် နည်းပါးလာခဲ့ပြီ ဖြစ်ပါသည်။ဆေးလိပ်သာဆို
ကိုယ့်အသက်လည်း အတော်လေး တိုနေရှာရော့မယ်။
စိတ်မဝင်စားနဲ့ ချစ်သူ ...
ဒီအထုတ်ကို ဖြည်ကြည့်လည်း
မှင်ရည်မွဲမွဲ ဒိုင်ယာရီတွေပဲ ရှိမယ်။
ကျွန်မတွင် သေသေချာချာ ထုပ်ပိုးသိမ်းဆည်းထားသော အထုတ်တစ်ထုတ်ရှိပါသည်။ ၄င်းအထုတ်လေးထဲတွင် မလွှင့်ပစ်ရက်သောကြောင့် နှစ်ပေါင်းများစွာ သိမ်းဆည်းလာခဲ့သည့် ကျွန်မ၏ ဒိုင်ယာရီစာအုပ်လေးများ ရှိပါသည်။ နှစ်သက်မိသော စာတိုပေစများ၊ မုန်းတီးခြင်း သ၀န်လွှာများ၊ ချစ်ခြင်းဖွဲ့ တိုစိစိ စာပိုဒ်လေးများ၊ အမှတ်တရ နေ့စွဲများ . . . စသည် စသည် . . . ။ စိတ်ဝင်စားစရာမကောင်းသော ထိုဒိုင်ယာရီအဟောင်းအစုတ်လေးများကိုလည်း ကျွန်မ မလွှင့်ပစ်ရက်သေးပါလေ။ဒီအထုတ်ကို ဖြည်ကြည့်လည်း
မှင်ရည်မွဲမွဲ ဒိုင်ယာရီတွေပဲ ရှိမယ်။
ကိုယ့်အတွက်တော့
နောက်တစ်ခါ ရှူရမယ့်လေကလည်း
အတော်လေး ဂွကျ ရွတ်တွနေပါတော့တယ်။ ။
နောက်တစ်ခါ ရှူရမယ့်လေကလည်း
အတော်လေး ဂွကျ ရွတ်တွနေပါတော့တယ်။ ။
နောက်ဖက်သို့ ပြန်မလှည့်မည့်ခရီးတွင် နုပျိုခြင်းများကိုလည်း မတမ်းတလိုပါ။ အသက်ရှူသွင်းနေသော်လည်း အသက်ရှင်မှန်းမေ့နေသည့်နေ့စွဲများ။ မည်သို့ပင်ဖြစ်စေ ကျွန်မ ခရီးဆက်နေရပါဦးမည်။ မှတ်မိပါသေးသည်။ သူငယ်ချင်းတစ်ယောက်ကတော့ဖြင့် "I feel so old my friend, so old" ဟု ဘိုဆန်ဆန်ညည်းပါသည်။ ကျွန်မပြုံးမိပါသည်။ ထိုသို့ဖြင့် ကျွန်မတို့ အိုမင်းသော နေ့စွဲများဆီသို့ လှမ်းရွေ့နေကြပါဦးမည်။ ။
BS
23 May 2011
အင်း အနုပညာ ကိစ္စရပ်တိုင်းက ရှင်းပြလိုက်ရင်ပေါ့သွားတယ်ပဲ ဆိုမလား
ReplyDeleteတခါတုန်းက စာအုပ်တစ်အုပ်မှာဖတ်ဖူးတယ် မဘုတ်ဆုံရဲ့၊ မဘုတ်ဆုံလဲ ဖတ်ဖူးပီးသား ဖြစ်ရင်ဖြစ်မှာပါ။
ဥသြငှက်ကလေးက ဥသြ ဥသြ လို့ အော်နေသံလေးက လွမ်းစရာလေး အော် သူတစ်ခုခုကို လွမ်းဆွတ်နေပါလားလို့ တွေးပြီးကိုယ်ပါ လွမ်းသလိုလို ဆွေးသလိုလို ခံစားရတယ်ပေါ့။
အဲ .. အဲ့သည့် ဥသြငှက်ကလေး သာ စကားပြောတတ်လို့ ဘာလို့ အော် နေလဲ သွားမေးကာမှ "ပျော်လွန်းလို့ အော်နေတာ" လို့ ပြန်ဖြေရင် မခက်ဘူးလား .. ဆိုသလို ဖြစ်နေပြီ၊
လုပ်ပါ မဘုတ်ဆုံ၊ ရေးပါ၊ နားလည်သည် ဖြစ်စေ မလည်သည်ဖြစ်စေ၊ အနုပညာ ဒြပ်သား တစ်ခုဖြစ်နေဖို့ပဲလိုတယ်လို့ ထင်ပါတယ်။
အားပေးသွားပါတယ်နော် .....
ReplyDeleteကိုသစ်ကိုရေ .... အစ်ကို ပြောတာကို ညီမလက်ခံပါတယ်။ အစ်ကို့ရဲ့ ဥပမာကိုလည်း သဘောကျတယ်။
ReplyDeleteညီမကိုယ်တိုင်လည်း ရှင်းမပြထားတဲ့ ကဗျာလေးတွေကို ပိုကြိုက်တယ်။ ရှေလျှောက်လည်း အဲလိုပဲကြိုးစားပြီးရေးဦးမှာပါ။ ဒီစကားပြေလေးကတော့ ကျွန်မ ပုံစံတစ်မျိုးပြောင်းပြီး ကြိုးစားကြည့်တာပါ။
အခုလို ပြောပြအားပေးတဲ့ အစ်ကို့ကို ကျေးဇူးတင်ပါတယ်။
ကျေးဇူးပါပဲ မမဟေသီ
ReplyDelete