Sunday, October 10, 2010

ခရီး

အရင်ဆုံး . . . စပ်စုတဲ့အပြုံးတွေ
ပြီးတော့ . . . ဝမ်းသာအားရ အော်ဟစ်ကြိုဆိုတဲ့ အသံတွေ
နောက်
အမေး
အဖြေ
အမေး
အဖြေ
အမေး
အဖြေ . . . .

တစ်လှမ်း . . . နှစ်လှမ်း . . . သုံးလှမ်း

အစွန်းခံထားရတဲ့ ဖုန်မှုန့်တွေ . . .
ကွမ်းသွေးနီနီ အစွန်းခံနေရတဲ့ ဖုန်မှုန့်လုံးကြီးတွေ။

ခုန်ပျံနေတဲ့ အုတ်ချပ်တွေက
စည်းချက်တစ်ခုကို မွေးဖွားပေးခဲ့။
ဖမ်းပေးတဲ့လက်ကို သက်ပြင်းချသံတစ်ခု
နဲ့
ပစ်ပေးတဲ့လက်ကို လက်ခုပ်သံတချို့ . . .
ပစ်ပေးလိုက်ပါ။

ယိမ်းယမ်းယမ်းနဲ့ ခြင်ထောင်လေး
ပန်းတွေရဲ့ တလှုပ်လှုပ် အရိပ်မည်းနဲ့အတူ
ယိမ်းယမ်းနေတဲ့ ခြင်ထောင်လေး။
လျှပ်စီးက ကြယ်လေးတွေကို စနောက်နေတုန်း . . .
တောက်ပလိုက်
အမှောင်ကျလိုက်
မှိတ်တုတ်မှိတ်တုတ်ဖြစ်လိုက်
တောက်ပလိုက် . . .

နောက်တော့ ပိုးစုန်းကြူးတွေ ရောက်လာခဲ့တယ်။
သူတို့ရဲ့ စုန်းရောင်စိမ်းစိမ်းကို
လမ်းသွယ်လေးအဖြစ်ချန်လို့။
စိတ်က တိုးတိုးလေးညည်းငြူခဲ့
ကိုယ်သိတာပေါ့ အဲဒါ
ဇီးကွက်မြို့တော်ရဲ့ သီချင်းတစ်စ။

နွားတစ်ကောင်ရဲ့ ဝင်သက်ထွက်သက်က
ကိုယ့်ကို ခြောက်လှန့်နေခဲ့။
နေပါစေ . . . နေပါစေ . . . နေပါစေ
မနက်စောစောမှာ
နွားနို့ ပူပူလေးတစ်ခွက်သောက်တယ်၊
ကိုယ့်အတွက် တစ်ခွက်
နွားသားလေးအတွက် တစ်ခွက်၊
အဖွားအတွက်တစ်ခွက်၊
ကျန်တာတွေကို ဒေါ်ကြီးချက်ပစ်လိုက်တယ်။
စားကောင်းလိုက်တာ။


သနပ်ခါးနံ့
အရက်နာကျနေတဲ့ ထန်းတော
ကိုယ်ဝန်သည် နှမ်းစေ့တွေ
ကိုယ့်ဦးလေးတစ်ယောက် အဲဒါတွေကို
မြှောက်ဖို့ ကြိုးစားနေရဲ့။

အဖွားရဲ့ ပုံပြင်တွေကို ကြားနေမိပါသေးတယ်။
အဖွားပြောတယ်
သူ့အသက် နှစ်ဆယ်လောက်က
ရွာကို
ဗြိတိသျှတွေ ဝင်သိမ်းလို့
တောထဲ ပြေးပုန်းရ။
နောက်
ရွာကို ပြန်ရောက်။
နောက်
ဂျပန်တွေ ထပ်ဝင်တော့
တောထဲ ပြန်ပြေးပုန်းရ
ဂျပန်စစ်သားတွေပေါ့
သူပုန်းနေတဲ့ အိမ်တံခါးကို ခြေကန်ဖွင့်
ပွင့်သွားတော့
သူ့ကိုကြည့်ပြီးပြန်ထွက်သွားတာ။
ကိုယ် အဖွားကို ပြောလိုက်တယ် . . .
ဟား ဟား ဟား။

အဲဒီတုန်းက
မြင်းလှည်းတွေလည်း သစ်ရွက်တွေဝတ်လို့တဲ့
အဖွားပြောတာ။
ရေနွေးကြမ်းတစ်အိုး
ခေါက်ဆွဲသုပ်တစ်ပွဲ
စွပ်ပြုတ်တစ်ခွက်
အဖွားကို ဘယ်လို လှုပ်ရှားရမလဲ ကိုယ်သင်ပေးခဲ့တယ်။

သမိုင်းရဲ့ အကြွင်းအကျန်တွေ
တရားထိုင်နေတုန်း
အုတ်ချပ်နီတွေရဲ့ တည်ငြိမ်မှုက
အတော်ရှည်လျားနေခဲ့ပါပေါ့။

စိတ်မရှည်တဲ့ ကားဟွန်းသံတွေ၊
ပုံရိပ်အထပ်ထပ်နဲ့ ဆိုင်ကယ်ဦးထုပ်တွေ၊
အခုမှ သတိထားမိတယ်
ကားတွေမှာ မတူတဲ့ မျက်နှာတွေရှိလေရဲ့။

ကျောချမ်းစရာကောင်းတဲ့ သမိုင်းဝင်နေရာ
ဟုတ်ပါ့
အထဲမှာ ဝိညာဉ်တွေအများကြီး အချုပ်ခံထားရတာ . . .
နေပါစေလေ
ဒုက္ခမရှာတော့ပါဘူး။

ကိုယ်တစ်ယောက်တည်း
ပျော်နေတုန်း . . .
အမေ
အဖေ
နင်
လွမ်းတယ်
နင်
အဖေ
အမေ
အရမ်း လွမ်းတယ်။
အဖေ
အမေ
နင်
........           ။                       ။
BSမှတ်ချက်။         ။အဖွားနေတဲ့ စစ်ကိုင်းနားကရွာလေးကအပြန် မန္တလေးကားကြီးကွင်းမှာ ကားစောင့်နေတုန်း ရေးဖြစ်တဲ့ ကဗျာလေးပါ။ ရေးတုန်းကတော့ ဘိုရူးရူးပြီး "A Visit" ဆိုပြီးတော့ အင်္ဂလိပ်လိုရေးထားတာ။ အခုမှ ပျင်းပျင်းရှိတာနဲ့ ဗမာလို နည်းနည်းလေးပြောင်းပြီး ပြန်ရေးထားတာပါ။


1 comment: