နေထွက်ရာအရပ်သည် ချစ်သူရှိသောအရပ်ဖြစ်ပါသည်။
ထို့ကြောင့် နေမင်းကြီးထွက်လာသောမနက်တိုင်းတွင် ကိုယ်တစ်ယောက်တည်း ပြုံးစိစိဖြစ်မိပါသည်။
ချစ်သူကလွမ်းသည်ဟု ပြောသောနေ့များသည် စစ်ပွဲများအား အပြုံးလျှပ်စီး လက်စေသော နေ့များဖြစ်ကြပါသည်။
သီတင်းကျွတ်၏ ကင်းမြီးကောက်ညီလာခံမှ အလက်ဆုံးကြယ်လေးသည် ချစ်သူ၏အပြုံးတစ်လက်ဖြစ်ပါသည်။
နှစ်ဦးသား ပြန်ဆုံမည့်နေ့တွင် မိုးသားတိမ်တိုက်တို့ ကင်းစင်နေလိမ့်မည်ဟု မျှော်လင့်မိပါသည်။
မည်သို့ပင်ဖြစ်စေ နှစ်လုံးသားနှစ်ခု ထပ်တူကျစေရန်အတွက် အလွမ်းအချိုးညီရန် လိုအပ်သည်ဟု မထင်မိပါ။
ချစ်သူ ပင်ပန်းမည်စိုးသောကြောင့် ကိုယ်ကသာ ပို၍လွမ်းသူဖြစ်ချင်မိပါသည်။
ညနေခင်းများ ဆောင်းနံ့ငွေ့ငွေ့အူလာပြီဖြစ်ကြောင်း ချစ်သူကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောပြချင်ပါသည်။
လေနုအေးအေးများ မွှေးပျံ့ပျော်ရွှင်ကြပါစေ။
မြူငွေ့သက်သက် ဆောင်းနက္ခတ်တို့ ခြေညောင်းလက်ဆန့်ထွက်ကြချိန်တွင် ချစ်သူတစ်ယောက်သည်လည်း ကိုယ့်ကို တော်တော်လေး လွမ်းနေရှာရော့မည်ဟု ယုံကြည်မိပါတော့သည်။
BS
1st November 2010
Ygn
Tuesday, November 9, 2010
ချစ်သူဟုခေါ်ပါသည်။ (၃)
Labels:
ownpoem
Subscribe to:
Post Comments (Atom)
No comments:
Post a Comment