“အမှန်တရားနှင့် အနီးတစ်ဝိုက်တွင် မိုးတစ်ကြိမ်နှစ်ကြိမ် ထစ်ချုန်းရွာနိုင်ပါသည်” ဟု ရှေးလူကြီးများ ကြေညာခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရပါလိမ့်မည်။ ဇာတ်တော်များမှ ပစ်ပယ်ထားခဲ့သော မျက်နှာဖုံးများ ဈေးတက်နိုင်ပါသည်။ “ရိုးသားမှုဖြင့် သင်တို့၏ လိပ်ပြာများကို ခြောက်လှန့်အံ့” ဟု ကျွန်ုပ်၏ မရင့်ကျက်မှုက ကြုံးဝါးပါသည်။ အသံအနိမ့်အမြင့် အတက်အကျ မညီညာခဲ့ပါချေ။
မိမိနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း ဖြစ်နိုင်လျှင် အိပ်မက်ကြီးကြီးများကို အများကြီးလိုချင်မိပါသည်။ အိပ်မက်၏ တန်ဖိုးသည် ဘဝတစ်ခုစာလည်း ဖြစ်နိုင်ပါသည်။ ကမ္ဘာတစ်ခုစာလည်း ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ အိပ်မက်ကြီးကြီးများကို အများကြီးလိုချင်မိပါသည်။ ပွဲစားမလိုပါ။ သင်တို့၏ အိပ်မက်များကိုလည်း ကျွန်ုပ်အား ပြသပါလေ။ စစ်မှန်သောအိပ်မက်များကို မြင်ဖူးချင်ပါသည်။ လက်တွေ့ကျရန် မလိုအပ်ပါ။ ထိုသို့ဖြင့် ကမ္ဘာလည်နေသည်ကို မေ့နေမိပါတော့သည်။
“မိုးသက်လေပြင်းကျစဉ် မြေပြင်ရေပြင်လေသည် တစ်နာရီလျှင် မိုင် ၁၅၀၀ နှုန်းဖြင့် တိုက်ခတ်နိုင်ပါသည်။” ခန့်မှန်းမှုများကြောင့် ကျွန်ုပ်နှင့် ချစ်သူ စစ်ကိုင်းနှင့်ပဲခူးလို ဝေးနေဆဲဖြစ်ပါသည်။ သူသည်လည်း သူ့မြင်းသူစိုင်းပြီး ကျွန်ုပ်သည်လည်း ကိုယ့်လှေကိုယ်ထိုးခဲ့ပါသည်။ သူသည် ကြယ်စင်တစ်စင်းဖြစ်ပြီး ကျွန်ုပ်သည် အလင်းကျေးကျွန်ဖြစ်ပါသည်။ ဆုံဆည်းချိန် မလုံလောက်ခဲ့ပါ။ ပြန်ဆုံချင်ပါသေးသည်။ လွမ်းပါသည်။ အလွန်လွမ်းပါသည်။ မရုန်းထွက်နိုင်သေးသော ပိုက်ကွန်တွင်းမှ ချစ်သူရှိသောမြေကို မှန်း၍လွမ်းနေပါသည်။ သေခြင်းတရားကို ယုံကြည်သကဲ့သို့ပင် ချစ်ခြင်းတရားကို ယုံကြည်မိပါသည်။ ချစ်သူ့နှလုံးသားသည် ကျွန်ုပ်အသက်တွင်း၌ ရှင်သန်နေဆဲဖြစ်ပါသည်။ ကျွန်ုပ်တို့နှစ်ဦး ပြန်ဆုံကြချိန်တွင် ဤအကြောင်းကို ပြောပြရပေလိမ့်ဦးမည်။ သူ့နှလုံးသားကို ပြန်မပေးတော့ပါဆိုပြီး ကျီစားချင်မိပါသည်။ တိုင်းတပါးတို့နယ်တွင် ချစ်သူပြောသော ဘာသာစကား အလွန်ကြားချင်မိကြောင်း ကိုလည်း ပြောပြရပေလိမ့်မည်။ ပြောပြချင်ပါသည်။ ချစ်သူသည် ပြုံး၍ နားထောင်နေပါလိမ့်မည်။ ကျွန်ုပ် အသက်မကုန်ခင် ချစ်သူအပြုံးကို အလွန်ပြန်မြင်ချင်ပါသည်။
“သင့်အသုဘ၌ သင့်အချစ်ဆုံးသူငယ်ချင်း ပြောမည့် သင့်အကြောင်းတွင် မည်သည့်အချက်များကို ပါဝင်စေချင်သနည်း။” ထိုမေးခွန်းဖြင့် ဘဝသည် ယောင်လည်လည်ဖြင့် ယက်ကန်ယက်ကန် ရပ်တန့်သွားခဲ့ပါသည်။ သနားကြင်နာမှုများ မပါစေချင်ပါ။ အတူတူ ပျော်ရွှင်ခဲ့ခြင်းများလည်း ပြာစများနှင့် လွင့်ဝေးသွားပါစေ။ မပြောခြင်းဖြင့် ပြောစေလိုပါသည်။ မပြခြင်းဖြင့် ပြစေလိုပါသည်။ ဤသို့ဖြင့် ကျွန်ုပ်အတွက် နောက်ဆုံးစကားသည် အဓိပ္ပာယ်ရှိနေပါလိမ့်မည်။
ထွက်သွားရတော့မည်ဆိုလျင်ဖြင့် နှုတ်မဆက်ဘဲနှင့်သာ သွားလိုပါသည်။ အပြုံးယောင်ဆောင်ထားသော ကြေကွဲခြင်းများနှင့် မျှော်လင့်ခြင်း ယောင်ဆောင်ထားသော လက်ပြခြင်းအား ကျွန်ုပ်ခံနိုင်ရည် ရှိမည်မထင်။ တိတ်တိတ်လေးလာ၍ တိတ်တိတ်လေးသာ ထွက်ခွာသွားလိုပါသည်။ ထို့ကြောင့် ကျွန်ုပ်အား တိတ်တိတ်လေး နေခွင့်ပေးစေလိုပါသည်။ တိတ်တိတ်လေး နေခွင့်ပေးစေလိုပါသည်။ တိတ်တိတ်လေး နေခွင့်ပေးစေလိုပါသည်။ ။
BS
9:04 pm
1st December 2010
(Dedication for 29th Nov: 2009)
“သင့်အသုဘ၌ သင့်အချစ်ဆုံးသူငယ်ချင်း ပြောမည့် သင့်အကြောင်းတွင် မည်သည့်အချက်များကို ပါဝင်စေချင်သနည်း။” ဒီစာလေး မြင်တော့ ဖတ်ဖူးတဲ့ စာသားလေး တစ်ခုကိုသတိရမိလို့ မဘုတ်ဆုံကို ဝေမျှခဲ့ချင်မိတယ်။ မဘုတ်ဆုံလဲ ဖတ်ဖူးကောင်းဖတ်ဖူး၊ ကြားဖူးကောင်း ကြားဖူးမယ် ထင်ပါတယ်။
ReplyDeleteလူတစ်ယောက် သေသွားလို့ ဝမ်းနည်းငိုကြွေးရတာ ဒီလူမရှိတော့လို့ဆိုတာထက်၊ ဒီလူနဲ့ကိုယ်နဲ့ကြားမှာ ပြောစရာစကားတွေ မပြောလိုက်ရလို့ ... တဲ့ .. အယောက်တိုင်းအတွက်တော့ ဟုတ်မှန်ချင်မှ ဟုတ်မှန်လိမ့်မယ်ပေါ့။ ဒီပို့စ်နဲ့လဲ ဆိုင်ချင်မှတော့ ဆိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော် နှစ်သက်မိလို့ ဝေမျှခဲ့တာပါ။
အစစအဆင်ပြေ ပျော်ရွှင်ပါစေ
ကိုသစ်ကို
မျှဝေပေးတဲ့အတွက် ကျေးဇူးပဲ ကိုသစ်ကို
ReplyDelete`သူနဲ့ကိုယ်ကြားမှာ ပြောစရာစကားတွေ မပြောလိုက်ရလို့´ တဲ့လား . . .
နှစ်သက်မိပါတယ်။
ကျွန်မ အခုတလောတွေးနေမိတာလေးလည်းရှိတယ် . . . (ကိုသစ်ကို ပြောသလိုပါပဲ ဒီပို့စ်နဲ့မဆိုင်ပါဘူး) Adele ရဲ့ Chasing Pavement ဆိုတဲ့ သီချင်းထဲကစာသားလေးလို . . . "If I tell the world, I'll never say enough 'cos it was not said to you" . . . လိုမျိုးပေါ့ . . . မပြောလိုက်ရလေခြင်းဆိုပြီး နောင်တနဲ့ဝမ်းနည်းတာ . . . . .
သိပ်ကောင်းတာပဲဗျာ
ReplyDelete